ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်း အင်ကြင်းမြိုင်နှင့် မင်းလက်ပံအကြား ဖြစ်ပွားနေသည့်တိုက်ပွဲသည် ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့အထိ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံနှင့် စစ်ရေးသတင်းအရင်းမြစ်များထံမှ သိရသည်။
မြဝတီမြို့တွင် အခြေချတပ်စွဲထားသည့် စစ်တပ်အင်အား သုံးရာနီးပါးသည် ကရင်နယ်ခြားစောင့်တပ် BGF အကူအညီဖြင့် အင်ကြင်းမြိုင်ရွာနှင့် မင်းလက်ပံရွာဘက်သို့ အောက်တိုဘာလ ၁၅ ရက်နေ့က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တော်လှန်ရေးပူးပေါင်းတပ်တို့နှင့် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။
နှစ်ဖက်တိုက်ပွဲသည် ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့အထိ ဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ပွဲတွင် စစ်အုပ်စုသည် သာလွန်အင်အားဖြင့် တိုက်ခိုက်နေသော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဘက်က အသာစီးအနေအထားဖြင့် ခုခံတိုက်ခိုက်နေသည်ဟု မြေပြင်တိုက်ပွဲတွင် ပါဝင်နေသည့် ရဲဘော်တဦးက လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“အင်အားလိုသလောက် ဖြည့်လို့ရနေတဲ့အနေအထားမှာ ကျွန်တော်တို့ဘက်ကလည်း အကောင်းဆုံး ခုခံနေဆဲပဲ၊ အသာစီးပါပဲ၊ ဒီကောင်တွေမှာ အင်အားကသာ ရှိတာ ကျွမ်းကျင်မှုက အဲဒီလောက်မဟုတ်နေတော့ နယ်မြေခံ သစ္စဖောက်လောက်ကောင်တွေကြောင့်သာ အရင်က အချို့နေရာကနေ ဆုတ်ခဲ့ရတာပါ” ဟု ၎င်းက ပြောသည်။
တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့်ရက်ပိုင်းတွင် အရပ်သားများ ပိတ်မိတာမျိုး ရှိပြီး အချို့မှာ စစ်အုပ်စုတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်သတ်ဖြတ်ခြင်း ခံရမှုများ ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်က အင်ကြင်းမြိုင်-မင်းလက်ပံ-မယ်ထော်သလေးလမ်းကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်းလည်း ဆိုသည်။
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်ကို ပြန်လည်သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေသည့် စစ်ကော်မရှင်တပ်က လေးကေ့ကော်မြို့သစ်ဘက်အပြင် မြဝတီ-ဝေါ်လေလမ်းပိုင်းဘက်ကိုလည်း တပြိုင်တည်း စစ်ကြောင်းထိုးနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။
“ရသလောက်ယူထားမှာပဲ၊ အခုချိန်က သူတို့နဲ့ BGF က အဆင်ပြေနေတုန်းဆိုတော့၊ BGF ပါနေသရွေ့ကတော့ ဒီတော်လှန်ရေးဘက်က KNU လည်းပါတယ်။ လုပ်ကိုင်ရခက်တယ်။ အချို့ အကြောင်းအရင်းခံတွေ ရှိခဲ့ကြတာ ရှိတယ်လေ။ ကူညီထောက်ပံ့တဲ့ကိစ္စတွေက အစပေါ့။ အခြေအနေဘယ်လောက်အထိ ဆိုးလဲဆိုတော့ BGF က စစ်တပ်ဝတ်စုံနဲ့ တိုက်ပေးတာ” ဟု ကရင်စစ်ရေးအခြေအနေကို သိရှိသူတဦးက သူ့၏အမြင်ကို ပြောသည်။
လက်ရှိတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် လေးကေ့ကော်မြို့သစ်အနီးရှိ စွယ်တော်ကုန်း(အမြှောက်ကုန်း) ကို စစ်ကော်မရှင်တပ်နှင့် BGF ပူးပေါင်းတပ်တို့က သိမ်းပိုက်ရရှိထားသည်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး ထိုင်းဘက်ခြမ်း ကျရောက်ပေါက်ကွဲမှု ရှိသော်လည်း လူထိခိုက်မှု မရှိကြောင်း ထိုင်းအစိုးရက သတင်းထုတ်ပြန်ထားသည်။
နှစ်ဖက်တိုက်ပွဲကြောင့် စစ်ဘေးရှောင်ထောင်ချီက သောင်းရင်းမြစ်ကမ်းနား၊ တောတောင်ဥယျာဉ်ခြံ၊ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး လတ်တလော လိုအပ်သည့်အကူအညီများကို KNU ၊ ထိုင်းအစိုးရနှင့် အလှူရှင်အချို့က ပံ့ပိုးပေးထားကြောင်း စစ်ရှောင်ကူညီနေသူများက ပြောသည်။
“ရွာသားတွေက ပြန်လို့မရတဲ့အခြေအနေဖြစ်နေတယ်၊ တိုက်ပွဲအရှိန်က မကျသေးဘူး၊ ပိုဆိုးလာတယ်၊ ပြီးတော့ BGF ပဲ ပြောပြော၊ စစ်တပ်ပဲပြောပြော သူတို့က အရပ်သားတွေကို ပစ်ခတ်တာ၊ ဖမ်းဆီးသတ်ဖြတ်တာ ရှိနေတုန်းဆိုတော့ ဘယ်လိုမှ ပြန်ဖို့ အဆင်မပြေသေးဘူး၊ အဲဒီတော့ နေထိုင်ဖို့ စားသောက်ဖို့က လိုအပ်လာရော” ဟု လေးကေ့ကော်စစ်ရှောင်များကို အကူအညီပေးနေသူတဦးက ပြောသည်။
စစ်အုပ်စုသည် သင်္ဃန်ညီနောင်အပါအဝင် မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်းကို ထိန်းချုပ်ထားပြီးနောက် မြဝတီမြို့တောင်ဘက်ကို သာလွန်အင်အားဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့ရာ နယ်မြေအချို့ကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့သည်။