မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ပြီးခဲ့သည့် စက်တင်ဘာလက ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှုးများ ပစ်ခတ်ရှင်းလင်းခံရမှု ဆက်တိုက်ဖြစ်ခဲ့ပြီး အဆိုပါအုပ်ချုပ်ရေးမှုးနေရာများတွင် တာဝန်ယူဆောင်ရွက်မည့်သူမရှိသေးကြောင်း ရေးဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ပစ်ခတ်ရှင်းလင်းခံခဲ့ရသော လမိုင်းမြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှုးနေရာ၊ ဖာလိန်ဒေသရှိ အံဒင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ငါးမျှားစခန်းရွာ (အံဒင်ရွာသစ်) ရာအိမ်မှုးနေရာများတွင် လစ်လပ်နေဆဲဖြစ်ကြောင်း ရွာခံများက ဆိုသည်။
အစားထိုးခန့်အပ်မည့်သူမရှိသည့်အပြင် တာဝန်ထမ်းဆောင်နေဆဲဖြစ်သည့် ရပ်ကျေးအုပ်ချုပ်ရေးမှုးများလည်း နှုတ်ထွက်လိုသူများနေပြီး စစ်ကော်မရှင် မြို့နယ်အုပ်ချုပ်ရေးရုံးမှ နှုတ်ထွက်ခွင့်မပြုနေကြောင်း သိရသည်။

အုပ်ချုပ်ရေးမှုးနှင့်နီးစပ်သူ ရေးဒေသခံတစ်ဦးက"ဖာလိန်ဒေသဘက်မှာဆို ခေါင်းခံမဲ့သူက မရှိတော့ဘူး၊ ရှိနေဆဲ အုပ်ချုပ်ရေးမှုးတွေလည်း နားချင်နေကြတယ်ဆိုပေမဲ့ ဟိုဘက်က ရပ်နားခွင့်တော့ မပြုဘူးပေါ့နော် အဲလိုဖြစ်နေတာ"ဟု ဆိုသည်။
လက်ရှိ စစ်ကော်မရှင်ဘက်မှ နယ်ကျော်ခရီးသွားလာခွင့်နှင့်ပတ်သတ်၍ စစ်ဆေးကန့်သတ်မှု တင်းကြပ်နေစဉ် ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ခံသူမရှိသဖြင့် ဒေသခံများ ခရီးသွားလာခွင့်ထောက်ခံစာအတွက် အခက်အခဲဖြစ်နေကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့က လမိုင်းမြို့တွင် ရပ်ကွက်အုပ်ချူပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရပြီး ၎င်းနှင့်အတူရှိနေသည့် ရာအိမ်မှုးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ဖာလိန်ဒေသအတွင်းရှိ အံဒင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ငါးမျှားစခန်းရွာ (အံဒင်ရွာသစ်) ရာအိမ်မှုးတို့ စက်တင်ဘာလ ၁၄ ရက်နေ့က ပစ်သတ်ခံခဲ့ရသည်။
လတ်တလော ရပ်ကျေးအုပ်ချုပ်ရေးမှုးများသည် စစ်မှုထမ်းကိစ္စနှင့်ပတ်သတ်၍လည်းကောင်း၊ ရွေးကာက်ပွဲကြိုတင်ပြင်ဆင်ခြင်းဆိုင်ရာလုပ်ငန်းများကြောင့်လည်းကောင်း အတင်းအကြပ်ဖိအားပေးခံနေရသည်ဟုလည်း ရေးဒေသခံတစ်ဦးက ဆက်ပြောသည်။
"ကျနော်တို့ဘက်က အုပ်ချုပ်ရေးမှုးတွေဆို စစ်မှုးထမ်းကိစ္စနဲ့ပတ်သတ်ပြီး တော်တော်လေးကို ညည်းညူနေရကြတာ။ ပိုပြီးတော့ တင်းကြပ်ခံထားရတယ်လေ။ ဟိုကလည်း လူအတင်းယူမယ်ဆိုတော့ ရေးတောင်ဘက်ကတော့ လောလောဆယ် ပိုက်ဆံလိုက်ပြီးတော့ ဖုံးဖုံးဖိဖိလုပ်တဲ့နည်းနဲ့တော့ ဖြေရှင်းနေကြဆဲပဲပေါ့ "ဟု ဆိုသည်။
IMNA မှ အချက်အလက်စုစည်းချက်အရ စစ်အာဏာသိမ်းကာလအတွင်း ရေးမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှုး ၂၀ ဦးထက်မနည်း ပစ်ခတ်ရှင်းလင်းခံခဲ့ရပြီး လစ်လပ်နေရာများကို မသိမသာပုံစံဖြင့် ဆက်ခံနေသူများရှိသလို လုံးဝဆက်ခံမည့်သူမရှိသည့် ကျေးရွာများလည်း ရှိနေဆဲဖြစ်သည်။
ကျိုက်ထို၊ ဘီးလင်း၊ ကျိုက်မရောနှင့် သံဖြူဇရပ် စသည့်မြို့နယ်များအတွင်းရှိ ၁၀ စုနှစ်ကြာ အုပ်ချုပ်ရေးတာဝန်ယူလာသူများ စစ်မှုထမ်းကိစ္စကြောင့် ဝေဖန်ခံရမှုနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ သတိပေးစာများထုတ်ပြန်ထားမှုကြောင့် နှုတ်ထွက်လိုသူများလျှက်ရှိသည်။
မြို့ပေါ်ရပ်ကွက်ရှိ နှုတ်ထွက်စာတင်ထားသည့် အုပ်ချုပ်ရေးမှုးများသည် စစ်ကော်မရှင်ဘက်မှ နှုတ်ထွက်ခွင့်မပြုသဖြင့် တိမ်းရှောင်နေရကြောင်းနှင့် မြို့နယ်အစည်းအဝေးများကို ရုံးအကူဝန်ထမ်းများကသာ တက်ရောက်နေကြကြောင်းလည်း သိရသည်။