တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်တို့ တိုက်ခိုက် သိမ်းပိုက် ရရှိထားသည့် ထီးခီးဒေသကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကော်မရှင်တပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းအသုံးပြုပြီး တိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်လာခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့ တစ်ရက်တည်းတွင်ပင် စစ်ကော်မရှင်တပ်က ထီးခီးကျေးရွာဘက်ကို ၁၂၀ မမ ဗုံးသီး အလုံး ၄၀ ကျော် အသုံးပြုပြီး လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ယင်းနောက် အောက်တိုဘာလ ၁၀ ရက်နေ့၊ ၁၄ ရက်နေ့တို့တွင်လည်း စစ်ကော်မရှင်တပ်က ထီးခီးကျေးရွာထဲကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် စက်လက်နက်ဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထီးခီးဒေသကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် တကျော့ ပြန်လည်တိုက်ခိုက်လာချိန်တွင် အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနေသည့်အပြင် နေအိမ်ထိခိုက်ပျက်စီးမှုများလည်း ရှိနေသည်။

“အခု သူတို့က (လေကြောင်းတိုက်ခိုက်မှု) တောက်လျှောက်လုပ်လာတယ်။ ဘာဖြစ်လဲဆိုတော့ မြေပြင်က သူတို့ လက်လှမ်းမမီတဲ့ နေရာတွေကို လေကြောင်းနဲ့ အသုံးပြုတာပေါ့နော်။ စစ်ကြောင်းထိုးဖို့ လေယာဉ်နဲ့ ကြိုပြီး ရှၚ်းတာရှိတယ်” ဟု KNU မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။
လက်ရှိတွင် စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ထီးခီးနှင့် အနီးနားက ကျေးရွာများမှ ဒေသခံပြည်သူ ၄၀၀ နီးပါး ထိုင်းဘက်ကမ်းသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။
ထားဝယ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကော်မရှင် ထီးခီးတပ်စခန်းအပါအဝင် တပ်စခန်း ၅ ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ယခုနှစ်လယ်ပိုင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ထိန်းချုပ်ထားခဲ့သည်။
ထိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ရရှိထားသည့် ထီးခီးဒေသကို ပြန်လည်ရရှိရေး စစ်ကော်မရှင်တပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းအသုံးပြုပြီး တဖန် ပြန်လည် တိုက်ခိုက်လာသည်။
ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းကို ပြန်လည် ထိန်းချုပ်ချင်သည့်အတွက် စစ်ကော်မရှင်တပ်က ထီးခီးဒေသကို လေကြောင်းဖြင့် တိုက်ခိုက်လာခြင်းဖြစ်သည်ဟု တော်လှန်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
၎င်းက “ထီးခီးဘက်ကို အခု လေကြောင်းတိုက်ခိုက်နေတဲ့အခြေအနေကတော့ ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းသည် ထိုင်းမြန်မာနယ်စပ်ရဲ့ G to G လုပ်ထားတဲ့ နယ်စပ်စခန်းကြီး ၆ ခုထဲမှာ ပါတာပေါ့နော်။ အဲဒါကြောင့် ဒီထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းကို စကခအနေနဲ့ ထိုးစစ်ဆင်ပြီးတော့ ပြန်လည်ပေါ့ သိမ်းပိုက်ချင်နေတဲ့အနေအထားရှိတယ်လို့ သုံးသပ်တယ်ပေါ့နော်” ဟု ပြောသည်။
၎င်းပြင် ထားဝယ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်တွင် တခုတည်းသာ ကျန်ရှိနေသည့် နတ်အိမ်တောင်စခန်းဘက်ကို စစ်ကူဖြည့်တင်းနိုင်ရေးနှင့် နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက်ကိုလည်း စစ်ကော်မရှင်တပ်က ကြိုးပမ်းလျက်ရှိသည်။
စစ်ကော်မရှင်တပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် နယ်မြေဒေသအတွင်းရှိ ပြည်သူလူထုများ အကြောက်တရား ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်ဟု KNU က ဆိုသည်။
စစ်ကော်မရှင်တပ်က ထိုင်း-မြန်မာနယ်စပ် ထီးခီးဒေသကိုသာမက တနင်္သာရီတိုင်းအတွင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အခြားသောဒေသများကိုလည်း လေကြောင်း တိုက်ခိုက်မှု ပြုလုပ်နေသည်။
စစ်ကော်မရှင်တပ်က ၎င်းတို့ ကျင်းပမည့် ရွေးကောက်ပွဲ နီးကပ်လာတာနှင့်အမျှ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထိန်းချုပ်ထားသည့် နယ်မြေများကို လေကြောင်း အသုံးပြုပြီး တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လာနိုင်သည်ဆိုပြီး သုံးသပ်မှုများလည်း ရှိနေသည်။