Thursday, March 12, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်မြောက်ပိုင်းတွင် စစ်ကော်မရှင်တပ်တို့ အင်အားအလွန်အကျွံဖြင့် စစ်ကြောင်းထိုးနေ

    ရေးမြို့နယ်မြောက်ပိုင်းတွင် စစ်ကော်မရှင်တပ်တို့ အင်အားအလွန်အကျွံဖြင့် စစ်ကြောင်းထိုးနေ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်နယ်မြောက်ပိုင်းရှိ ကျေးရွာများတွင် စစ်ကော်မရှင်တပ်ဖွဲ့မှ အင်အားအလွန်အကျွံဖြင့် နေ့စဉ်စစ်ကြောင်းထိုးနေသဖြင့်  စစ်ရေးအခြေအနေတင်းမာနေကြောင်း ဒေသခံသတင်းအရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။

    မော့ကနင်အခြေစိုက် ခလရ ၁၀၆ တပ်ရင်း၊ ခမရ ၅၈၈ တပ်ရင်း၊ အမတ ၃၁၇ တပ်ရင်းမှ ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့မှစ၍ အင်အားရာနှင့်ချီဖြင့် ကော့ဒွတ်(ကူးတို့ဆိပ်)မှ အဆိုပါဒေသဘက်သို့ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

    စစ်ကော်မရှင်တပ်စစ်ကြောင်းတို့သည် ယမန်နေ့အထိ အောင်သပြေ၊ အောင်သာယာ၊ နှစ်ကရင်လမ်းဝနှင့် ကနင်ကမော့ကျေးရွာအတွင်း အင်အား ရာနှင့်ချီဖြင့် စခန်းချဖြန့်ကျန့်ထားဆဲဖြစ်ပြီး စစ်ဆေးမှုများ လုပ်ဆောင်လျှက်ရှိသည်ဟု ဆိုသည်။

    ပုံ- တော်လှန်ရေးတပ်ဖွဲ့များ အမှတ် ၈ လမ်းမကြီးပေါ် စစ်ဆေးရေးလုပ်ဆောင်နေစဥ် (ပုံဟောင်း)

    “စစ်ဆေးမေးမြန်းနေတော့ ခရီးသွားလာတဲ့သူတွေ အခက်အခဲရှိနေတယ်။ အချိန်တွေ့ကြန့်ကြာတာပေါ့လေ၊ ခြံသမားတွေလည်း ခြံမသွားရဲကြဘူး။ အဲ့လို စစ်ဆေးနေတဲ့ချိန်မှာဆို လူတွေကိုဖမ်းလိုက်တာလည်းရှိတယ်” ဟု ရေးဒေသခံတစ်ဦးက ပြောသည်။

    စစ်ဆေးမှုများလုပ်ဆောင်နေသည့်အပြင် တော်လှန်ရေးအင်အားစုများ လှုပ်ရှားမှုရှိသည့် ကျေးရွာဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း အထက်ပါဒေသခံက ဆက်ပြောသည်။

    “တော်လှန်ရေးတပ်ဖွဲ့ဘက်ကတော့ မပစ်ဘူး။ စကမဘက်က ရမ်းသမ်းပြီးပစ်ထုတ်နေတာ။ ဒါမဲ့ ဒေသခံတွေထိတာတော့ မရှိဘူး။ ခဏခဏပစ်နေတာ၊ တပ်ရင်းတွေကနေ ပစ်တာလည်းရှိတယ်။ အဲ့ကျေးရွာတွေမှာ စခန်းချနေထိုင်နေတဲ့နေရာကလည်း ပစ်တယ်”ဟု ဆိုသည်။

    ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်နေ့နှင့် ၁၂ ရက်နေ့က ရေးမြို့နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမပေါ်ရှိ ကျေးရွာများအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းနှင့် ယခုအောက်တိုဘာလအတွင်း  တိုက်ပွဲ ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    လက်ရှိအခြေအနေအရ စစ်ကော်မရှင်တပ်စစ်ကြောင်းတို့ စခန်းချထားဆဲဖြစ်သည့်အတွက် ပစ်ခတ်မှု ထပ်မံဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်နေကြရသည်။

    အာဏာသိမ်း စစ်ကော်မရှင်မှ ရွေးကောက်ပွဲမတိုင်မီ မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကင်းပုန်းချခြင်း၊ ဂိတ်စခန်းများတွင် အင်အားတိုးထားခြင်းများ ပြုလုပ်နေသလို ရေးမြို့နယ်တစ်ဝိုက် စစ်ကြောင်းလှုပ်ရှားသွားလာမှုများလည်း လုပ်ဆောင်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks