အားကောင်းသော အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” မှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် စက်တင်ဘာလ ၂၉ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အတွင်း မွန်ပြည်နယ်အပါအဝင် တိုင်းနှင့် ပြည်နယ်အများစုတွင် မိုးကြီးနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ စက်တင်ဘာလ ၂၉ ရက်နေ့ နေ့လည် ၁၂ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းဒေသများကို ဖြတ်ကျော်ဝင်ရောက်ခဲ့သော အားကောင်းသောအပူပိုင်းမုန်တိုင်း “ဘူအလွိုင်”သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံနယ်စပ်ဒေသများကို ဆက်လက်ဖြတ်ကျော်လျက်ရှိပါသည်။

အားကောင်းသော အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” သည် အနောက်-အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ယနေ့ညနေပိုင်းတွင် လာအိုနိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသများကို အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” အဖြစ်ဖြင့်လည်းကောင်း၊ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်ဒေသများကို အပူပိုင်းမုန်တိုင်းငယ်အဖြစ်ဖြင့်လည်းကောင်း ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။
အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” မှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် ယနေ့နံနက်မှ အောက်တိုဘာလ ၁ ရက်နေ့အတွင်း မွန်ပြည်နယ်အပါအဝင် တိုင်းနှင့် ပြည်နယ်အများစုတို့တွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သည်ဟုလည်း မိုးဇလက ဆိုထားသည်။
ထိုကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာက သတိပေး ထုတ်ပြန်ထားသည်။