တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်ကော်မရှင်တပ်ဖွဲ့များမှ စစ်ဘေးရှောင်နေသူများကို ကျေးရွာအတွင်းသို့ ပြန်လည်နေထိုင်ရန် ဖိအားပေးခြိမ်းခြောက်ပြောဆိုနေပြီး ဖမ်းဆီးသတ်ဖြတ်ခံရနေရသည့်အခြေအနေများကြောင့် နေရပ်မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင် သတင်းအရင်းမြစ်များက IMNA သို့ ပြောသည်။
စစ်ကော်မရှင်တပ်ဖွဲ့မှ မလွှဲတောင်- ကလိန်အောင်လမ်းပိုင်းတစ်လျှောက်ရှိ သာယာမွန်၊ရာဖူး၊ကျွဲသလင်းနှင့် လော့သိုင်းရွာဘက်သို့ ယနေ့(စက်တင်ဘာ ၂၉) ရက်နေ့အထိ စစ်ကြောင်းထိုးဝင်ရောက်နေသော်လည်း တိုက်ပွဲဖြစ်ပွားမှုမရှိသည့်အတွက် နေရပ်ပြန်လာသူများရှိသလို စစ်ဘေးရှောင်နေရသူမျာလည်း ရှိသည်။
နေရပ်မပြန်သူများကို တော်လှန်ရေးတပ်ဖွဲ့များအား အားပေးအားမြှောက်ပြုသူအဖြစ် သတ်မှတ်သွားမည်ဖြစ်ပြီး၊ နေအိမ်များကို ဆက်လက်ဖောက်ထွင်း၍ မီးရှို့ဖျက်ဆီးမည်ဟု ရွာသားများကို စုစည်းခေါ်ယူစဉ် ခြိမ်းခြောက်ပြောဆိုထားကြောင်း ရေဖြူဒေသခံတစ်ဦးက ဆိုသည်။

"တစ်ရွာနဲ့တစ်ရွာ ပြောထားတာက မတူဘူးပေါ့။ တစ်ချို့က ရွာထဲမှာ ရွာသားတွေကိုစုပြီး ရွာမှာပဲ အေအေဆေးဆေးနေဖို့၊ မကြောက်ဖို့၊ မပြန်ရသေးတဲ့လူတွေကိုလဲ ပြန်လာဖို့ ပြောတယ်။ မပြန်ရင်ရွာတွေကို မီးရှို့မယ်ပြောတာရှိတယ်။ အိမ်တွေကိုလဲ ဖြိုချမယ်၊ ဆက်ပြီးဖောက်နေမယ်တဲ့။ ပြီးတော့ အတော်ကြတဲ့အထိ ပြန်မလာဘူးဆိုရင်လည်း တော်လှန်ရေးကို အားပေးနေတယ်လို့ သတ်မှတ်မယ်။ ဘယ်သူတွေက တော်လှန်ရေးနဲ့ ပတ်သက်နေတာလဲဆိုတာ သူတို့စာရင်းရထားတယ်လို့ ပြောတယ်"ဟု ဒေသခံက ဆိုသည်။
မလွှဲတောင်- လိန်အောင်လမ်းပိုင်းတစ်လျှောက် ပြီးခဲ့သည့် သြဂုတ်လမှစ၍ စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်ကော်မရှင်တပ်ဖွဲ့များသည် ဒေသခံများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးပြီး ၎င်းတို့အကာအကွယ်အတွက် အသုံးပြုခြင်းနှင့် ရိုက်နှက်နှိပ်စက်မှုများလည်း လုပ်ဆောင်နေသည်။
ထို့သို့ ပကတိ လူနေမှုပုံစံအတိုင်း ပြန်လည်မရောက်ရှိနိုင်တော့သဖြင့် တိုက်ပွဲပြင်းထန်ချိန်မှစပြီး နေရပ်မှ အပြီးတိုင်ပြောင်းရွှေ့သွားသူများလည်းရှိကြောင်း သိရသည်။
ဒေသခံများကို လူသားဒိုင်အဖြစ်အသုံးပြုရန်၊ စစ်ရေးဖော်ဆောင်မှု ပိုမိုလွယ်ကူရန်နှင့် ရွေးကောက်ပွဲအတွက် မဲစွယ်စည်းရုံးရန် စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် ဖိအားပေးနေခြင်းဖြစ်သည်ဟု မြေပြင်တွင် စစ်ရေးလှုပ်ရှားနေသည့် ရဲဘော်တစ်ဦးက ပြောသည်။
“စစ်ရေးရဲ့ဘေးထွက်ဆိုးကျိူးက ပြည်သူတွေ စစ်ရှောင်ရတယ်ဆိုတော့ စစ်တပ်က ရွာထဲဝင်မယ် ပြည်သူတွေကိုဒိုင်လုပ်မယ်။ ပြည်သူတွေ ရွာထဲမှာ မရှိဘူးဆိုရင် ဗုံးကြဲလို့မရဘူး။ ဒါမဲ့ ကျနော်တို့က လွတ်လွတ်လပ်လပ်လှုပ်ရှားလို့ရတယ်ဆိုတော့ သူတို့အတွက် အခက်အခဲဖြစ်သွားတယ်။ ပြည်သူတွေ ရှိနေမယ်ဆိုရင် ကျနော်တို့နောက်ဆုတ်ပေးရတယ် အဲ့ဒါကိုသူတို့သိနေတဲ့အတွက် ပြည်သူတွေကို ပြန်လာဖို့ဖိအားပေးနေတာ၊ နောက်တစ်ခုက ရွေးကောက်ပွဲအတွက် မဲစွယ်စည်းရုံးဖို့အတွက်ပါပဲ” ဟု ပြောသည်။
ဒေသခံများ ပြန်လည်နေထိုင်ခြင်းမပြုသေးသည့် မလွှဲတောင်- ကလိန်အောင် လမ်းပိုင်းတစ်လျှောက်ရှိ နေအိမ်များကို ဝင်ရောက်တပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့များက နေအိမ်များကို ဆက်လက်ဖောက်ထွင်းနေဆဲဖြစ်ပြီး ကားဖြင့်သယ်ဆောင်သွားသလို ဖျက်ဆီးမွှေနှောက်ခြင်းများလည်း လုပ်ဆောင်နေကြောင်း ဆိုသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ လက်ရှိတွင် ခြေတစ်လှမ်းဆုတ်ထားသည့် အခြေအနေရှိသော်လည်း အချိန်မရွေး တိုက်ပွဲပြန်လည် ဖြစ်ပွားလာနိုင်သည့်အတွက် နေရပ်ပြန်လည်နေထိုင်သူများ ဗုံးခိုကျင်းများ ပြုလုပ်ထားရန် စားနိပ်ရိက္ခာ၊ ဓာတ်ဆီ စသည့် လိုအပ်သည့် ပစ္စည်းများကို ပြင်ဆင်ထားရန် တော်လှန်ရေးပေါင်းတပ်ဖွဲ့တို့ တိုက်တွန်ထားသည်။
ပြီးခဲ့သည့် ဩဂုတ်လမှကုန်ပိုင်းမှစ၍ ရေဖြူမြို့နယ်၊ ကလိန်အောင် – မလွှဲတောင်လမ်းပိုင်းတွင် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကော်မရှင်တပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်လာခဲ့ပြီး ကျေးရွာ ၁၀ ရွာထက်မနည်းမှ ဒေသခံပြည်သူ ၅၀၀၀ ကျော် စစ်ဘေးရှောင်ခဲ့ရသည်။
စစ်ကော်မရှင်၏ လက်အောက်ခံတပ်ဖွဲ့များ မလွှဲတောင်ဂိတ်တွင် ဆန်၊ ရေနံ၊ ဓာတ်မြေဩဇာ စသည့် ကုန်စည်သယ်ဆောင်ခွင့်ကို ယနေ့အထိ ကန့်သတ်ပိတ်ဆို့ထားဆဲ ဖြစ်ပြီး မော်တော်ယာဉ်တစ်စီးလျှင် ဆန်နှစ်အိတ်သာ အများဆုံးသယ်ယူဆောင်ခွင့်ပြုသည့်အတွက် စားနပ်ရိက္ခာပြတ်လပ်မည်ကိုလည်း ဒေသခံများ စိုးရိမ်နေကြရသည်။