မွန်ပြည်နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများအတွင်း စစ်ကော်မရှင်တပ်မှ ဗိုလ်မှုးအဆင့် ရာထူးရှိသူများကို ခန့်အပ်ထားပြီး ဌာနအသီးသီး၏ ဦးစီးမှုးနေရာများတွင်လည်း ဝင်ရောက်တာဝန်ယူထားကြောင်း အုပ်ချုပ်ရေးမှုးများနှင့် နီးစပ်သူများထံမှ သိရသည်။
စစ်ကော်မရှင်မှ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဖွဲ့စည်းရာတွင် အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲ့စည်းရမည်ဟု သတ်မှတ်ထားပြီး၊ ၎င်းအဖွဲ့ဝင်များထဲတွင် စစ်တပ်ကိုယ်စားလှယ်တစ်ဦးကို မဖြစ်မနေထည့်သွင်းထားရမည်ဟု ဇူလိုင်လ ၃၁ ရက်နေ့ရက်စွဲဖြင့် ညွှန်ကြားချက် ထုတ်ပြန်ထားသည်။
ထို့ကြောင့် ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းမှစ၍ မော်လမြိုင်၊ ကျိုက်ထို၊ ပေါင်၊ ဘီးလင်း၊ မုဒုံ၊ သံဖြူဇရပ်စသည့် မြို့နယ်များတွင် မြို့နယ်အုပ်ချုပ်ရေးကော်မတီအဖွဲ့များကို ပြည်လည်ဖွဲ့စည်းလာကြပြီး၊ စစ်ကော်မရှင်တပ်၏ ကိုယ်စားလှယ်များ ပါဝင်လာသဖြင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များ ပိုမိုတင်းကြပ်လာနိုင်ကြောင်း မုဒုံမှရပ်ကျေးအုပ်ချုပ်ရေးမှုးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ဒီဘက်မှာဆို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီကို အသစ်ပြန်လည်ဖွဲ့ထားတာ တစ်လကျော်ကျော်ရှိနေပြီး။ အဒီထဲမှာ စစ်တပ်က ဗိုလ်မှူးအဆင့်ကိုယ်စားလှယ်တစ်ယောက်ထည့်ထားတယ်။ ဘာလို့ထည့်တာလဲဆိုတော့ ပထမအချက်က ရွေးကောက်ပွဲကို ပြေပြေပြစ်ပြစ်ကျင်းပနိုင်ဖို့ရယ်၊ ဒုတိယအချက်က သူတို့က နယ်မြေတွေကိုလွှမ်းမိုးနိုင်ဖို့ ဒီလိုလုပ်တာ။ ဒါကြောင့် ပြည်သူတွေအတွက်က ကြပ်တည်းလာဖို့ပဲရှိတယ် ” ဟု ဆိုသည်။
စစ်ကော်မရှင်တပ်မှ ကိုယ်စားလှယ်များ ပါဝင်လာသည့်နောက် မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာ အစည်းအဝေးများ မကြာခဏခေါ်ယူနေကြောင်းနှင့် ရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာများကို ထပ်ခါထပ်ခါ ညွှန်ကြားလျှက်ရှိကြောင်း ဆက်ပြောသည်။
မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များတွင် စစ်ကော်မရှင်တပ်မှ အဖွဲ့ဝင်ကိုယ်စားလှယ်အဖြစ်ပါဝင်လာသည့်အပြင် စီမံကိန်းရေးဆွဲရေးဌာနတွင် ဦးစီးမှူးအဖြစ်လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိအဖြစ် လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ်လည်းကောင်း၊ စစ်ကော်မရှင်တာဝန်ရှိသူများကသာ တာဝန်ယူထားကြောင်း ပေါင်မြို့နယ်မှ စစ်ကော်မရှင်နဲ့နီးစပ်သူတစ်ဦးက ဆိုသည်။
“ဒီပေါင်မြို့နယ်မှာဆို စစ်တပ်က ကိုယ်စာလှယ်တစ်ဦးပါမယ်လို့ပြောတယ်။ ဒီမှာက စီမံကိန်းရေးဆွဲရေးဌာနက မြို့နယ်ဦးစီးမှူးနဲ့ မြို့နယ်ဥပဒေအရာရှိကို စစ်တပ်ကလူပဲ။ ဆိုတော့ သူတို့ဥပဒေအရာရှိကပါနေမှတော့ ဆုံးဖြတ်ချက်တစ်စုံတစ်ရာချတဲ့အခါမှာ ပိုမိုတင်းကြပ်လာမှာပဲ ” ဟု သူကဆိုသည်။
လက်ရှိတွင်လည်း ဒေသခံများ ဆိုရှယ်မီဒီယာအသုံးပြုမှု၊ ကူးသန်းရောင်းဝယ်မှုနှင့် သွားလာခွင့်များကို တင်းကြပ်စွာစိစစ်ခြင်း၊ တားမြစ်ခြင်းများ ပိုမိုတင်းကြပ်ထားသည်။
မွန်ပြည်နယ်နှင့်နည်းတူ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ မြို့နယ်အုပ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတွင် စစ်ကော်မရှင်တပ် ကိုယ်စားလှယ်များကို စတင်ခန့်အပ်ထားပြီး ဖြစ်ကြောင်းလည်း သိရသည်။
စစ်ကော်မရှင်သည် အာဏာသိမ်းကာလအတွင်း စစ်ဘက်၊အရပ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များကို မကြာခဏအပြောင်းအလဲလုပ်ဆောင်နေသကဲ့သို့ လက်ရှိတွင်လည်း မြို့နယ်နှင့်ရပ်ကျေးအဆင့် အုပ်ချုပ်ရေးကဏ္ဍများအထိ လွှမ်းမိုးရန်ကြိုးပမ်းလာခဲ့သည်။
တစ်ဖက်တွင်လည်း စစ်ကော်မရှင်မှ ဖိအားပေးမှုနှင့်အတူ တော်လှန်ရေးအင်အားစုအဖွဲ့များ၏ သတိပေးချက်များကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှုးများ ယခုနှစ်အတွင်း သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံ နှုတ်ထွက်လာကြသည်