မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာကမ်းစပ်သို့ ရာသီဥတုကြောင့် မျောပါလာသည့် ဧရာဝတီမှ ငါးဖမ်းကျားဖောင် ၅ စီးနှင့်အတူ ရေလုပ်သား ၁၅ ဦးကို ဒေသခံနှင့် ရပ်ရွာတာဝန်ရှိသူများက ကယ်ဆယ်ထားကြောင်း သိရသည်။
လွန်ခဲ့သည့် ၈ ရက်ခန့်က ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ကမာကျေးရွာ ပင်လယ်ပြင်တွင် ရာနှင့်ချီရှိသည့် ငါဖမ်းကျားဖောင်များသည် လေမုန်တိုင်းနှင့် ရေလှိုင်းကြီးများ ပုတ်ခတ်မှုကြောင့် ဦးတည်ရာမဲ့ မျောပါနေကြပြီး၊ ယမန်နေ့ ည ၇ နာရီအချိန်ခန့်က အလှပ်ကျေးရွာကမ်းစပ်သို့ ကျားဖောင် ၅ စီးခန့် ကမ်းကပ်လာကြောင်း သိရသည်။
အဆိုပါ ကျားဖောင် ၅ စီးတွင် အသက် ၃၀ နှင့် ၄၀ ဝန်ကျင်း အရွယ်ရှိသည့် ရေလုပ်သား ၁၅ ဦးပါရှိပြီး လက်ရှိတွင် အလှပ်ကျေးရွာတာဝန်ရှိသူများက ကယ်ဆယ်ထားရကြောင်း ကူညီကယ်ဆယ်ရေးတွင် ဝိုင်ဝန်းပါဝင်နေသူ ပေါင်မြို့ခံတစ်ဦးက ဆိုသည်။

“မနေ့က ည ၇ နာရီလောက်မှာ ရောက်လာတယ်၊ လွန်ခဲ့တဲ့ ၈ ရက်လောက် လှိုင်းအမြင့် ၁၂ ပေလောက်ရှိတယ် သူတို့က ဖောင်တစ်ခုနဲ့ တစ်ခုကို ၂၂ တောင်အကွာမှာ ကြိုးချည်ထားကြတယ်။ ဒါမဲ့လှိုင်းကြီးတော့ ဖောင် ၂၀၀ လောက်မျောသွားတယ် မျောသွားရင်းနဲ့ ရွာနဲ့နှစ်မိုင် လောက်ဝေးတဲ့ အလှပ်ကမ်းမီးရောင်ကိုမြင်တဲ့နေရာမှာ ကပ်လာတယ် ” ဟု ပြောသည်။
၎င်းအပြင် ပျောက်ဆုံးနေသည့် ဖောင်နှင့်ရေလုပ်သား ရာနှင့်ချီရှိနေသေးကြောင်းနှင့် ကျိုက်က္ခမီကမ်းစပ်ဘက်တွင်လည်း ကူညီကယ်ဆယ်ထားရသူရှိကြောင်း မြို့ခံကဆက်ပြောသည်။
“ ကျိုက္ခမီမှာလည်း ကျွန်းအနားမှာနှစ်ယောက် ကယ်ထားတယ်လို့ ကြားတယ်၊ အချို့ဖောင်မှာ လူမတွေ့တော့ဘူး၊ အဝတ်အစားတွေပဲတွေ့တယ်ဖာင်ပိုင်ရှင်က လာခေါ်မယ်လို့ပြောတယ်၊ ဖောင်ကိုတော့လာယူလို့ မရတော့ဘူး၊ ပျောက်တဲ့လူတွေလည်း ကျန်နေသေးတော့ သက်ဆိုင်ရာက ကူညီသင့်တယ်”ဟု ဆိုသည်။
ရာသီဥတုကြောင့် မျောပါပျောက်ဆုံးနေသည့် ကျန်ကျားဖောင်များသည် မုတ္တမပင်လယ်ကွေ့ကမ်းခြေတစ်လျှောက်တွင် ရှိနေပြီး သေဆုံးသွားသူများလည်းရှိနိုင်ကြောင်း ရေလုပ်သားများ၏ ပြောပြချက်အရ သိရသည်။
ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တွင် ယခုရက်ပိုင်းတွင် မုတ်သုံလေ အားကောင်းနေခြင်းဖြစ်ပြီး မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းတစ်လျှောက်တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနေသဖြင့် ပင်လယ်ပြင်သို့ ထွက်ခွာခြင်းမပြုရန် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ယနေ့နံနက်ပိုင်းတွင်လည်း သတိပေးထားသည်။
ငါးဖမ်းကျားဖောင်လုပ်ငန်း လုပ်ကိုင်သူအများစုသည် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို အစိုးရခေတ်အဆက်ဆက် ရင်ဆိုင်နေရခြင်းဖြစ်ပြီး ယခုကဲ့သို့ လုပ်ငန်းခွင်ကာလအတွင်း ပျောက်ဆုံး၊သေဆုံးမှုဖြစ်ပါက လုပ်ရှင်များက အပြည့်အဝတာဝန်ယူခြင်းမရှိပေ။