မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဒူးယားကျေးရွာအတွင်းရှိ ရေလျှံနေသည့်ချောင်းတစ်ခုအတွင်း ရေဆင်းကူးရင်း အမျိုးသားတစ်ဦး ရေထဲမျောပါ ပျောက်ဆုံးနေသဖြင့် နယ်မြေခံလူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ရွာခံများက ဝိုင်းဝန်းရှာဖွေနေကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်ခန့်က ဒူးယားကျေးရွာအရှေ့ပိုင်းရှိ ချောင်းတွင် အရက်သေစာသောက်စားထားသည့် အမျိုးသားတစ်ဦးသည် ရေဆင်းကူးရန် ခုန်ချရာမှ ချောင်းရေအရှိန်နှင့်တူ ရေထဲမျောပါသွားခြင်းဖြစ်သည်။
“ဖြစ်ပုံက သူတို့နှစ်ယောက် ဆိုင်ကယ်နဲ့လာရင်း အဲ့ချောင်းရှေ့မှာ ဆိုင်ကယ်ပျက်သွားတယ်။ ဆိုင်ကယ်မောင်းတဲ့သူက ဆိုင်ကယ်ပြင်နေတဲ့အချိန် အနောက်ကလိုက်စီးတဲ့သူက မူးနေတော့ ကလေးတွေ ရေကူးတာမြင်ပြီး သူလည်း ရေထဲခုန်ချရင်း နစ်သွားတာပဲ”ဟု ရွာခံတစ်ဦးက ပြောသည်။
ရေထဲမျောပါပျောက်ဆုံးနေသူ အမျိုးသားသည် နှီးနှူကျေးရွာနေ အသက် ၅၀ ဝန်းကျင်အရွယ်ရှိပြီး ရေကူးတတ်သူဖြစ်သည်ဟု ရွာခံများကဆိုသော်လည်း အရက်သေစာသောက်စားထားသဖြင့် ရေနစ်သေဆုံးနိုင်ခြေရှိသည်ဟု သုံးသပ်ပြောဆိုနေကြသည်။
အဆိုပါပျောက်ဆုံးနေသည့်အမျိုးသားကို ရွာခံနှင့် နယ်မြေခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ယနေ့မနက်ပိုင်းအထိ ဆက်လက်ရှာဖွေနေဆဲဖြစ်သည်ဟု သိရသည်။
“ရှာနေတာက စဖြစ်တဲ့နေ့ကတည်းက မိုးလည်းကြီး ရေစီးလည်းသန်နေတော့ ရှာလို့မတွေ့သေးဘူး။ ဒီနေ့လည်း ရှာနေတုန်းပဲ မတွေ့သေးဘူး” ဟု အထက်ပါသူက ပြောသည်။
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒူးယားကျေးရွာတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နေ့မှစ၍ ချောင်းရေလျှံကာ ရပ်ကွက်အချို့ရှိနေအိမ်များ ရေဝင်ရောက်နေပြီး ယနေ့မနက်ပိုင်းတွင် ရေအနည်းငယ်လျော့ကျသော်လည်း နေအိမ်အထိ ရေဝင်ရောက်နေဆဲဖြစ်သည်။
မိုးရာသီအတွင်း ရေကြီးရေလျှံမှုနှင့် ချောင်းရေကြောင့် ရေးမြို့နယ်ဒေသခံများ နှစ်စဉ် ရေနစ်သေဆုံးမှုမကြာခဏ ဖြစ်ပွားလေ့ရှိသည်။
ယမန်နေ့ကလည်း ရေးမြို့နယ်၊ လမိုင်းမြို့အနီး မော့ကနင်ကုန်းပေါ်ရွာသစ် ဘောလုံးကွင်းတွင် အုတ်ဖြင့် ဆောက်ထားသည့်စင် ပြိုကျပြီး ကျောင်းသား ၃ ဦး သေဆုံးကာ ကျောင်းသား ၃ ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။
မွန်ပြည်နယ်တွင် မြစ်ရေနှင့် ချောင်းရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနိုင်သည်ဟုလည်း ယနေ့စက်တင်ဘာ ၂၅ ရက်နေ့နံနက်ပိုင်းတွင်လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးပြောဆိုထားသေးသည်။


