စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေသည့် မွန်တော်လှန်ရေးတပ်များဖြစ်သည့် မွန်လွတ်မြောက်ရေးတပ်တော် (MLF) နှင့် ရာမညမွန်တပ်တော် (NMSP-AD/RMA) တို့ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့မှစ၍ ပေါင်းစည်းလိုက်သည့်အပြင် တစ်ခုတည်းသောမွန်တပ်တော်ပေါ်ထွန်းရေးအတွက် ကြိုးပမ်းသွားမည်ဟု ရာမညမွန်တပ်တော် (NMSP-AD/RMA) မှ ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့က ထုတ်ပြန်ပြောဆိုထားသည်။
မွန်တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်အာဏာရှင်ကျရှုံးရေးအတွက် အတူတကွပူးပေါင်းတိုက်ပွဲဝင်နေချိန် နိုင်ငံရေးလမ်းကြောင်းအရ သဘောထားချင်းမတူကွဲပြားမှုရှိနေပြီး ပေါင်းစည်းရေးဆွေးနွေးမှုရပ်တန့်နေသော်လည်း တစ်ခုတည်းသောမွန်တပ်တော် ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းနေဆဲဖြစ်သည်ဟု ရာမညမွန်တပ်တော် (NMSP-AD/RMA) မှ ဆိုသည်။
ရာမညမွန်တပ်တော် (NMSP-AD/RMA) အောက်တွင် နောက်ထပ်တပ်ဖွဲ့တစ်ခု တိုးလာသည့်အပေါ် နိုင်ငံရေး၊ စစ်ရေးတွင် မည်သို့အထောက်အကူဖြစ်လာကြောင်းနှင့် မွန်ပြည်သူလူထုအများစု လိုလားနေသည့် တစ်ခုတည်းသော မွန်တပ်တော်ပေါ်ပေါက်ရေးအတွက် မည်သို့လုပ်ဆောင်နေကြောင်း ရာမညမွန်တပ်တော် (NMSP-AD/RMA) ပြောခွင့်ရ နိုင်ကောင်းစကားထံ IMNA မှ ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ပထမဆုံးအနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက မွန်လွတ်မြောက်ရေးတပ်တော် (MLF) နှင့် ရာမညမွန်တပ်တော် (NMSP-AD/RMA) တို့ ပေါင်းစည်းကြောင်း သဘောတူညီချက်ရရှိခဲ့တဲ့အကြောင်း ရှင်းပြပေးနိုင်မလား။
ဖြေ။ ။အဓိကတော့ စစ်အာဏာရှင်စနစ်ကို အတူတကွပူးပေါင်းပြီးတိုက်ဖို့၊ အမျိုးသားအခွင့်အရေးနဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ဖို့ရည်ရွယ်ပြီးတော့ပဲ ပူးပေါင်းဖြစ်တယ်၊ စက်တင်ဘာ ၁၈ နေ့မှာ ဆွေးနွေးညှိနှိုင်းပြီး ပူးပေါင်းဖို့ စာထုတ်ပြန်လိုက်တယ်၊ MLF ကတာဝန်ရှိသူတွေဖြစ်တဲ့ ဦးဆောင်အဖွဲ့နဲ့ တပ်ဖွဲ့တွေလည်း (NMSP-AD) RMA ရဲ့နိုင်ငံရေး၊ စစ်ရေးအခန်းကဏ္ဍမှာ တာဝန်ယူပြီး တစ်ခုတည်း ပေါင်းစည်းဖြစ်သွားတာပေါ့နော်။ အဲ့လိုမျိုးသဘောတူညီချက်တွေရရှိခဲ့ကြတယ်။ ဒါမဲ့ဘယ်အပိုင်း၊ ဘယ်ကဏ္ဍမှာ သူတို့တာဝန်ယူရမလဲဆိုတဲ့အသေးစိတ်အခြေအနေကိုတော့ မပြောနိုင်သေးဘူး။ အခုက ပေါင်းစည်းရေးကဏ္ဍလောက်ပဲ ပြီးမှတာဝန်တွေပေးအပ်တဲ့ကဏ္ဍ လုပ်ဆောင်လိမ့်မယ်။
မေး။ ။ ထုတ်ပြန်ချက်အရဆိုရင် မွန်လွတ်မြောက်ရေးတပ်တော် (MLF) က ရာမညမွန်တပ်တော် (NMSP-AD/RMA) နဲ့အတူ နိုင်ငံရေး၊ စစ်ရေးမှာတာဝန်ယူပါဝင်လာမယ်လို ပြောထားတယ်ပေါ့နော်။ နောက်ထပ်ရော ဘယ်လိုပူးပေါင်းမှု လုပ်ဆောင်သွားဖို့ရှိလဲ။
ဖြေ။ ။တစ်ခုတည်းဖြစ်သွားတာပေါ့နော်။ စစ်ရေးနဲ့နိုင်ငံရေးတွေမှာလည်း (MLF) ကနေလည်း နိုင်ငံရေး၊ စစ်ရေး ဦးဆောင်သူတွေရဲ့ ဦးဆောင်မှုဆုံးဖြတ်မှုအတိုင်းကို ဘယ်လိုတာဝန်ယူကြမလဲ ဘယ်ဒေသကို တာဝန်ယူရမလဲဆိုတာကိုတော့ လုပ်ဆောင်သွားမယ်၊ အသေးစိတ်ကိုတော့ ဆွေးနွေးထား တာမျိုး မရှိသေးပါဘူး။ ဒါက နောက်ကဏ္ဍအနေနဲ့ ရှိလာလိမ့်မယ်၊ အဓိကတော့ တိုက်ပွဲအတူတကွဝင်သွားဖို့အပြင် စစ်ရေး၊ နိုင်ငံရေးတွေမှာလည်း အတူတူဖြစ်သွားမယ်”
မေး။ ။နောက်ရာမညမွန်တပ်တော်အောက်မှာ နောက်ထပ် တပ်ဖွဲ့တစ်ခုတိုးလာတယ်ဆိုတော့ ဘယ်လိုအင်အားဖြစ်စေလဲ။ တပ်ဖွဲ့နနာမည်ပြောင်းလဲတာတွေရော ထပ်မံလုပ်ဆောင်ဖို့ ရှိလား။
ဖြေ။ ။ဒီလိုတပ်ဖွဲ့တစ်ဖွဲ့ပူးပေါင်းဖို့တိုးလာတာက အမျိုးသားလွတ်မြောက်ရေးအနေနဲ့ပြောပြော၊ အခု စစ်အာဏာရှင်ကို တိုက်နေတဲ့အခြေအနေပဲပြောပြော RMA အနေနဲ့ပြောရရင် အားရကျေနပ်စရာတွေ အများကြီးပါ၊ ရန်သူအုံကို တိုက်နေတဲ့တစ်လျှောက်က ပြည်သူအတွက်ရော ၊ တော်လှန်ရေးအစုအဖွဲ့ တစ်စုံအနေနဲ့ရော အင်မတန်စိတ်ခွန်အားလည်းဖြစ်ရပါတယ်။ အတူတကွဖြစ်သွားတဲ့အတွက်ကြောင့် အင်အားတွေဖြစ်စေတဲ့အချက်လည်းပါပါတယ်။ နောက်ပြီး အဖွဲ့နာမည်အပိုင်းကတော့အပြောင်းအလဲမရှိပါဘူး၊ ဘာလို့ဆို ရာမညမွန်တပ်တော်ဆိုတဲ့နာမည်က လူသူအကြား၊ အများပြည်သူကြားမှာ တပ်ဖွဲ့တစ်ခုတည်းဖြစ်ရမယ်ဆိုပြီး ရွေးချယ်ထားတဲ့ နာမည်ဖြစ်တယ်။ အဲ့ဒီနာမည်နဲ့ ကျနော်တို့ တပ်ဖွဲ့တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းအသုံးပြုပြီး တိုက်ပွဲတွေ ဆက်လက်ဝင်သွားမယ် MLF အနေနဲ့လည်း မွန်တပ်ဖွဲ့နဲ့လက်တွဲပြီး ရာမညမွန်တပ်တော်အနေနဲ့ ဖြစ်သွားတာပေ့ါနော်။
မေး။ ။မွန်တပ်တော်တစ်ခုတည်းဖြစ်ပေါ်လာဖို့ကို ရာမညမွန်တပ်တော် (NMSP-AD/RMA) အနေနဲ့ နိုင်ငံရေး၊စစ်ရေးကဏ္ဍမှာ ဘာတွေ လုပ်ဆောင်နေတာရှိလဲ။
ဖြေ။ ။ မွန်တပ်တော်တွေ တစ်ခုတည်းဖြစ်ပေါ်ဖို့က ခေါင်းဆောင်ပိုင်းတွေရော ကျနော်တို့ဘက်ကလည်း ဆွေးနွေးပြီး အဆက်ဆက်ကြိုးစားလာခဲ့တယ်။ တိုက်ပွဲတွေလည်း အတူတကွတိုက်ပွဲဝင်ခဲ့တာတွေလည်းရှိတယ်။ အခုလည်းပဲ အချို့ဒေသတွေမှာပူးပေါင်းပြီးတော့ စစ်မျက်နှာတွေမှာ တိုက်ပွဲဝင်နေတာရှိတယ်။ နိုင်ငံရေးမှာပဲ အချို့နားလည်မှု မတူညီတာတွေ၊ အဓိပ္ပာယ်ဖွင့်တာကွဲလွဲတာတွေ ဒါမှမဟုတ် သွားမဲ့လမ်းကြောင်း အမြင်မတူညီကွဲပြားတာတွေရှိနေတဲ့အတွက် တစ်ထပ်တည်းမကျဘဲ ဆွေးနွေးတဲ့အပိုင်းမှာ ရပ်တန့်ထားရတဲ့ အခြေအနေတွေရှိတယ်။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ဘက်ကနေ ပေါင်းစည်းရေးအတွက် ဆက်ပြီးတော့ကြိုးပမ်းသွားမယ်။ ပြန်ပြီးတော့ ဆွေးနွေးစကားပြောတာတွေ ဒီတော်လှန်ရေး အသိုင်းအဝိုင်းထဲက နိုင်ငံရေးသမားတွေ၊ လက်နက်ကိုင်အဖွဲ့တွေရော၊ မွန်လူမျိုးတွေရောနဲ့ နိုင်ငံတဝှမ်းမှာ စစ်တပ်ကိုတော်လှန်နေကြတဲ့ သူတွေအားလုံးရဲ့ နည်းလမ်းကတော့ ပေါင်စည်းရေးအတွက်နည်းလမ်း အမျိုးမျိုးရှိနိုင်မှာပဲ။
ပြည်ပရောက် မွန်လူမျိုးတွေလည်းပေါင်းစည်းပြီး ဆန္ဒ၊အမြင်တွေ ဆွေးနွေးဖို့အတွက်လည်း အသံပေးလာတာရှိတယ်။ အချို့နေရာတွေမှာ အမြင်မတူညီတာတွေရှိနိုင်တယ်။ ဒီအပေါ်မှာပဲအချိန်ယူပြီးတော့ အချင်းအချင်းကြား အကျယ်တဝင့် တော်လှန်ရေးထဲက နိုင်ငံရေးအနေနဲ့ရော ဒါမှမဟုတ် နိုင်ငံရေးသမားအနေနဲ့ရော သေချာအချိန်ယူပြီးစိတ်ရှည်ပြီးတော့ ဆွေးနွေးလို့ရှိရင် မဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူး။ ဖြစ်လာမယ်။ လုပ်ဆောင်ရမယ့်လုပ်ငန်းစဉ် အဆင့်ဆင့် ဘယ်လိုရှိနေလဲဆိုတာကိုတော့ ဒီမှာတော့မပြောချင်သေးဘူး။
မေး။ ။ နောက်ဆုံးအနေနဲ့ တပ်တော်ပေါင်းစည်းရေးနဲ့ပတ်သတ်လို့ ဘယ်လိုမျိုးဖြည့်စွက်ပြောကြားလိုတာမျိုးရှိပါသေးလဲ။
ဖြေ။ ။ ကျနော်တို့ရဲ့ လက်တွဲထားတဲ့အကြောင်း ထုတ်ပြန်စာမှာလည်း ပြောထားတာ ရှိပြီးသားတွေပါ။ RMA မှာ MLF တပ်ဖွဲ့အသစ် လာရောက်ပူးပေါင်းရေးမှာ အင်အားတိုးလာတယ်လို့ ပြောနိုင်တယ်။ အဲ့ဒီလိုပဲ တပ်တော်တစ်ခုတည်းဖြစ်ဖို့ ပေါင်းစည်းရေးမှာ။ ကျနော်တို့ဘက်ကနေ အမြဲတမ်းတံခါးဖွင့်ထားတယ်။
ကျနော်တို့ အနေနဲ့လည်း နည်းလမ်းအမျိုးမျိုးနဲ့ နိုင်ငံရေးရော အခြားအမျိုးမျိုးသောအရေးတွေမှာလည်း တစ်ခုတည်းဖြစ်ဖို့စီစဉ်နေတယ်၊ ဆန္ဒလည်းရှိတယ်ဆိုတဲ့အကြောင်းကို ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ မွန်မျိုးချစ်ပြည်သူများကိုအသိပေးအပ်ပါတယ်။ သူတို့ဆီကနေလည်း ရှင်းရှင်းလင်းလင်းနဲ့ အဲ့လိုဆန္ဒရှိတယ်ဆိုတာ မကြာခဏဆိုသလို ကြားရတယ်။ ဒီကျနော်တို့သွားနေတဲ့ခရီးက စည်းစည်းလုံးလုံးနဲ့သွားနိုင်ဖို့ တော်လှန်ရေးအပေါ်ထားတဲ့စိတ်က နိုင်ငံရေးအရ မတူညီတာတွေရှိပေမဲ့လည်း လူမျိုးရဲ့အကျိုးကိုမျှော်ကိုးပြီးတော့ တစ်ခုတည်းဖြစ်ဖို့ ဆန္ဒရှိပြီး ဒီအပေါ်မှာပဲ ဆက်ပြီးကြိုးပမ်းသွားမယ်ဆိုတာ ပြည်သူလူထုကို ဒီကနေ အသိပေးချင်တာပါ။