မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နှီးပဒေါရွာအတွင်းရှိ ကျောင်းဆောင်တစ်ခုတွင် ပလ္လင်ပေါ်မှ တရားဟောပြောပြီး"ပိဋကတ်သုံးပုံ မယ်တော်ကြီး"ဟု မိမိကိုယ်ကို ခံယူထားသည့် အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး ယမန်နေ့စက်တင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
အဆိုပါအမျိုးသမီးသည် နှီးပဒေါရွာအတွင်းရှိ ဥယျာဉ်ခြံမြေတစ်ခုတွင် ကျောင်းနှင့်ဘုရားစေတီ ဆောက်လုပ်တည်ထားကာ နေထိုင်နေပြီး သာသနာရေးနှင့်ပတ်သတ်၍ မပြုသင့်မပြုထိုက်သည့် လုပ်ရပ်များကို နှစ်နှင့်ချီ လုပ်ဆောင်နေခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းက ပလ္လင်ပေါ်တွင် တရားဟောပြောနေသည့် အမျိုးသမီး၏ Video ဖိုင်များ ပျံ့နှံ့လာရာမှ မြို့နယ်အဆင့်သံဃာ့နာယကအဖွဲ့မှ အမျိုးသမီးကို စစ်ဆေးမေးမြန်းရန် ဆင့်ခေါ်ခဲ့သည်ဟု တာဝန်ရှိသူမြို့နယ်ဆရာတော်တစ်ပါးမှ IMNA ကို မိန့်ကြားသည်။
သို့သော် စက်တင်ဘာလ ၂၀ ရက်နေ့ နေ့လည်ပိုင်းအထိ မရောက်ရှိလာကြောင်း၊ ဖုန်းဖြင့်ဆက်သွယ်သော်လည်း လက်ခံဖြေကြားခြင်းမရှိသဖြင့် ၎င်းအမျိုးသမီးနေထိုင်သည့်နေရာအထိ စစ်ကော်မရှင် နယ်မြေခံရဲတပ်ဖွဲ့နှင့်အတူ မြို့နယ်သံင်္ဃာ့နာယကအဖွဲ့မှ လာရောက်ခေါ်ဆောင်ခဲ့ကြောင်း မိန့်ဆိုသည်။

"အခုဖြစ်စဉ်မှာတော့ နယ်ခံဆရာတော်တွေက သိတော့သိတယ် အေးဆေးနေကြတော့ ဘာမှလည်းမပြောကြပါဘူး။ အခုမှ သူ့သားကိုယ်တိုင် ဗီဒီယိုရိုက်ပြီး လိုင်းပေါ်တင်လိုက်လို့ အကုန်သိရတာပါ။ သိသိချင်းပဲ မြို့နယ် သံဃာ့နာယက အဖွဲ့တွေက အစည်းဝေးထိုင်ပါတယ်၊ ခေါ်ယူမေးမြန်းဖို့ပါ ဘယ်လိုမှခေါ်မရတော့ တရားစွဲဖို့ အပ်နှံလိုက်တာပါ"ဟု မိန့်သည်။
သာသနာညှိုးနွမ်းစေသည့် အဓမ္မဝါဒဟောပြခြင်း၊ ထီးဖြူဆောင်းခြင်း၊ သာသနာမြေမဟုတ်သည့်နေရာတွင် ဘုရားစေတီ ကျောင်းဆောက်နေထိုင်ခြင်း၊ ဧည့်စာရင်းမတိုင်ကြားဘဲ ကျူးကျော်နေထိုင်ခြင်း စသည့်ပြစ်မှုများဖြင့် လက်ရှိတွင် အမှုဖွင့်ထားကြောင်း သိရသည်။
လာရောက်ခေါ်ဆောင်ရာတွင် အမျိုးသမီးနှင့်အတူ သူမ၏ကျောင်းဒယကာဆိုသူတစ်ဦးပါ အဖော်လိုက်ပါခဲ့ပြီး အခြားယုံကြည်ကိုးကွယ်သူများလည်း နောက်ဆက်တွဲ တရားရုံးမှခေါ်စစ်ရာတွင် အမှုတရားခံအဖြစ် ပါနိုင်ကြောင်း ဆိုသည်။
ယနေ့ခေတ်တွင် ထိလွယ်ရှလွယ်ဖြစ်သည့် ဘာသာရေးကို ခုတုံးမလုပ်ရန်င့် ဘာသာရေးနှင့်ပတ်သတ်၍ သေချာဝေဖန်ဆန်းစစ်ကြရန်လည်း အထက်ပါဆရာတော်က ဆက်လက် တိုက်တွန်းထားသည်။
"သေချာဝေဖန် စန်းစစ်ကြစေဖို့၊ မပြုသင့် မပြုထိုက်တာကို မပြုမိစေဖို့နဲ့ မသိနားမလည်ရင် တတ်ကျွမ်းနားလည်တဲ့ ဆရာတော်တွေကို မေးမြန်းကြဖို့နဲ့ ဘာသာရေးအမြတ်မထုတ်ကြဖို့ ဗုဒ္ဓရဲ့ လမ်းညွှန်ချက်အတိုင်း တရားစစ် တရားမှန်ကို သိအောင်ကြိုးစားကြပါလို့ ပြောကြားလိုက်ပါတယ်"ဟု မိန့်သည်။
တရားစွဲဆိုခံထားရသည့် အမျိုးသမီးသည် နှီးပဒေါရွာတွင် ၄ နှစ်ဝန်းကျင်အထိ ခြေချနေထိုင်နေခဲ့သည်ဟု သိရပြီး အဓမ္မဝါဒများဟောပြောမှုကြောင့် ယခင်က ရေးမြို့နယ်တောင်ပိုင်းရှိ မွန်ပြည်သစ်ထိန်းချုပ်ရာနယ်မြေမှ တစ်ကြိမ်၊ ချောင်းဆုံမြို့နယ်ဘက်မှ တစ်ကြိမ် နယ်နှင်ဒဏ် ပေးခံခဲ့ရဖူးသူဖြစ်ကြောင်းလည်း သူမနှင့်နီးစပ်သူများက ပြောဆိုလျှက်ရှိသည်။
"ပိဋကတ်သုံးပုံ မယ်တော်ကြီး"ဆိုသူ အမျိုးသမီးသည် သူမသည် နောင်ပွင့်မည့် ဘုရားလောင်းဖြစ်ကြောင်း၊ ဘုရားမယ်တော်ဖြစ်ကြောင်းနှင့် ပရိယတ္တိသာသနာ ကုန်ပြီးဖြစ်၍ ရဟန်းသံဃာအစစ်ဆိုသည် မရှိကြောင်း စသဖြင့် သူမ၏တရားပွဲများတွင် ထည့်သွင်းဟောပြောလေ့ရှိသည်။