စာရေးသူ – ရာမညဟင်္သာ
နိုင်ငံရေးယဥ်ကျေးမှု Political Culture ဆိုတာကတော့ လူမှုရေးသိပ္ပံဆိုင်ရာ အသုံးအနှုန်းတစ်ခုလို့ ဆိုနိုင်ပါသည်။ ယဥ်ကျေးမှုဆိုတာ လူ့အဖွဲ့အစည်းရဲ့လူမှုရေးရာဘဝတွေကို လွှမ်းမိုးထားသည့် ဓလေ့တစ်ခုကဲ့သို့ ဖြစ်ပါသည်။ မြန်မာ့နိုင်ငံယဥ်ကျေးမှုလို့ပဲပြောပြော၊ မြန်မာ့နိုင်ငံရေးဓလေ့ပဲဆိုဆို ယဥ်ကျေးမှုတဖွယ် စွဲမြဲနေသော မြန်မာ့နိုင်ငံ နှင့်ပတ်သက်၍ မြန်မာ့လူ့အဖွဲ့အစည်း၏ စဥ်းစားတွေးခေါ်မှု၊ လုပ်ကိုင်ဆောင်ရွက်မှုတွေနှင့် ယုံကြည်မှုတို့ကို လွှမ်း မိုးထားပါသည်။
နိုင်ငံရေးဓလေ့ဆိုတာ သမိုင်းကြောင်းဖြစ်စဥ်တွေအပေါ်မှာ မှီတည်ပြီး ဖြစ်ပေါ်လာသည့် လူ့အဖွဲ့အစည်းအတွင်း တည်ရှိသော နိုင်ငံရေးဓလေ့က ထိုလူ့အဖွဲ့အစည်း၏ အခြေခံနိုင်ငံရေးစနစ် နှင့် လက်ခံထားသည့်စံတန်ဖိုးတွေကို သတ်မှတ်ပေးလေ့ရှိပါသည်။ နိုင်ငံတွေ ကွဲပြားသွားတာနှင့်အမျှ နိုင်ငံတစ်ခုချင်းစီ၏ နိုင်ငံရေးဓလေ့တွေကလည်း ကွဲပြားသွားလေ့ရှိကြပါသည်။ တစ်နည်းအားဖြင့် နိုင်ငံရေးဓလေ့ဆိုတာ နေ့ချင်းညချင်းဖြစ်ပေါ်လာတာမျိုးမဟုတ် နှစ်ပေါင်းများစွာ အခြေတည်ခဲ့ကြပြီး လွှမ်းမိုးမှုတွေနှင့်အတူ ထိုလူ့အဖွဲ့အစည်း၏ အမူအကျင့် Behavior နှင့် စဥ်း စားတွေးခေါ်ပုံများကို လွှမ်းမိုးထားမျိုးဖြစ်ပေသည်။ နိုင်ငံတစ်ခု၏ သမိုင်းကြောင်းဆိုင်ရာအချက်တွေ၊ စဥ်းစား လုပ်ဆောင်ပုံတွေကို ကြည့်ပြီး ထိုနိုင်ငံ၏ နိုင်ငံရေးဓလေ့ကို သုံးသပ်လို့ ရနိုင်ပါသည်။ နိုင်ငံရေးဓလေ့ကို လေ့လာ ပြီးနောက် နိုင်ငံ၏ အုပ်ချုပ်သူတွေက ဘယ်လိုနည်းလမ်းဖြင့် အုပ်ချုပ်နေသနည်း၊ ဒီမိုကရေစီအကူးအပြောင်းကို ဘာကြောင့်အောင်မြင် သို့မဟုတ် ဘာကြောင့် မအောင်မြင် ဒါမှမဟုတ် ဘယ်လို ဒီမိုကရေစီစံနှုန်းတွေနှင့် ရှေ့ဆက် နေသည်ဆိုတာကို နားလည်နိုင်ပါသည်။

လူ့အဖွဲ့အစည်း၏ သမိုင်းကြောင်းဆိုင်ရာ သိမြင်မှုတွေနှင့်အတူ အမူအကျင့်တွေသည် နိုင်ငံရေးဓလေ့အပေါ်မှာ အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေပြီး၊ ဒီနိုင်ငံရေးဓလေ့ကပဲ လူ့အဖွဲ့အစည်းအပေါ် ပြန်ထိန်းချုပ်သွားစေပါသည်။ ဒါမှမဟုတ် အုပ်ချုပ်သူတွေ၏ အခန်းကဏ္ဍကို ကြီးကြီးမားမား ဖော်ဆောင်ပေးသွားတာမျိုး ဖြစ်စေပါသည်။ ယနေ့မြန်မာ့နိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအခြေအနေဖြစ်ဖြစ်၊ တော်လှန်ရေးအခြေအနေဖြစ်ဖြစ် မြန်မာ့နိုင် ငံရေးဓလေ့ဆိုသည်ကို ကြီးမားသော လွှမ်းမိုးမှုများရှိနေသည်ဟု ဆိုရပါမည်။ မြန်မာ့နိုင်ငံရေးဓလေ့သည် ဘယ်လို ပုံစံမျိုးလဲ၊ မြန်မာ့နိုင်ငံရေး၏ စဥ်းစားပုံနှင့် အမူအကျင့်တွေသည် ဘယ်လိုမျိုး ရှိနေပါသနည်း၊ နိုင်ငံရေးနှင့်ပတ် သက်၍ ဘယ်လို သဘောထားအမြင်မျိုးရှိနေပါသနည်း ဒါတွေဟာ မြန်မာ့နိုင်ငံရေးမှာ အရေးပါသည့်အခြေခံ အကြောင်းတရားတွေဖြစ်နေပါသည်။
နိုင်ငံရေးသိပ္ပံပညာရှင် Gabriel Almondd နှင့် Sydney Verba တို့နှစ်ဦးသည် ၁၉၆၃ ခုနှစ်တွင် နိုင်ငံပေါင်း ၅ နိုင်ငံ၏ နိုင်ငံရေးဓလေ့တွေကို လေ့လာထားပြီး အကျဥ်းချုပ်အားဖြင့် အခြေခံနိုင်ငံရေးဓလေ့ သုံးမျိုးတွေ့ခဲ့ရသည်ဟု ထုတ်ဖော်ရေးသားခဲ့ပါသည်။ ယင်းနိုင်ငံရေးဓလေ့သုံးမျိုးကတော့ –
(၁) လှုပ်ရှားတက်ကြွမှုမရှိဘဲ နိုင်ငံသားတွေ ပါဝင်မှုမရှိသည့် နိုင်ငံရေးဓလေ့ Parochial Political Culture
(၂) တက်ကြွစွာ လှုပ်ရှားပါဝင်သည့် နိုင်ငံရေးဓလေ့ Active Participation of political Culture
(၃) နာခံသည့် နိုင်ငံရေးဓလေ့ Subject Political Culture
… တို့ဖြစ်ပါသည်။
အထက်ဖော်ပြပါ အချက်များအရ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဥ်သမိုင်းကြောင်းတစ်ရပ်လုံးကို ခြုံငုံလေ့လာကြည့် လျှင် “အာဏာရှင်ဓလေ့အပေါ်တွင်သာ အခြေတည်နေခြင်း” ကို တွေ့နိုင်ပါသည်။ အာဏာစနစ်တွင် အမိန့်ပေးသူ နှင့် အမိန့်နာခံသူ၊ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံလူတန်းစား သီးသန့်လို့သာ ရှိနေသည့်အတွက် နိုင်ငံရေးမှာ ပြည်သူ၏ ပါဝင်မှုသည် အလျဥ်းမရှိခဲ့ပေ။ ယနေ့အချိန်ထိ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးချိန်ကစလို့ နှစ်ပေါင်းများစွာဖြင့် “အုပ်ချုပ်သူတွေကို ရွေးကောက်ပွဲကနေ ရွေးချယ်တင်မြှောက်ပေးသည့် အကြိမ်အရေအတွက် သို့မဟုတ် အလေ့ အထသည် အလွန်ကို နည်းပါးခဲ့ခြင်း” ဆိုနိုင်ပါသည်။ ပြည်သူကလည်း မဲပေးသည့်နည်းဖြင့် ပါဝင်ခွင့်ရခဲ့သည့် အခြေအနေမှာတောင် ပြည်သူဆန္ဒအတိုင်း မအောင်မြင်ခဲ့ပေ။ ပြည်သူတို့ ကိုယ်စားပြုမှုကို အပြည့်အဝမရရှိနိုင်ခဲ့ သောအခြေအနေပါဟု ဆိုရပါမည်။
မြန်မာ့နိုင်ငံရေးဓလေ့ကို လေ့လာသည့်အခါ ကိုလိုနီခေတ်မတိုင်ခင် ပဒေသရာဇ်ဘုရင်ခေတ်ကို တစ်ပိုင်းလေ့လာ ရမှာဖြစ်ပြီး၊ ကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရပြီးနောက် စတင်ခဲ့သောခေတ်၊ ပါလီမန်ဒီမိုကရေစီခေတ်၊ တစ်ပါတီအာဏာရှင်ခေတ်၊ စစ်အစိုးရအုပ်ချုပ်သည့်ခေတ်အဆက်ဆက်၊ စစ်တပ်လွှမ်းမိုးထားသည့် ၂၀၀၈ ခြေဥ အရ အုပ်ချုပ်ခဲ့သောခေတ်၊ ခေတ်ပြန်စစ်အာဏာအုပ်ချုပ်နေသည့်ခေတ် ဒါတွေကို မြင်တွေ့ရပါသည်။ ဒါတွေကို လေ့လာကြည့်လျှင် ခေတ်တွေပြောင်းပြီး၊ အုပ်ချုပ်သူတွေ ပြောင်းသွားခဲ့ကြသော်လည်း “အုပ်ချုပ်သူ၏ ယုံကြည် ချက် Belief၊ အမူအကျင့် Behavior၊ စိတ်နေသဘော Attitudes တွေကတော့ မပြောင်းလဲဘဲ ဆက်လက်၍ အမြစ် တွယ်ကပ်နေခဲ့ခြင်း” ဖြစ်ပါသည်။ ဆိုတော့ … ဒီခေတ်တွေတိုင်းမှာ “တူညီသည့်ပုံစံ၊ အမူအကျင့် နှင့် နိုင်ငံရေး ဓလေ့များကို ရှင်းလင်းစွာ တွေ့မြင်နိုင်ခြင်း” ဖြစ်ပါသည်။
မြန်မာ့နိုင်ငံရေးဓလေ့ကို ခွဲခြမ်းစိတ်ဖြာလေ့လာကြည့်လျှင် ထင်ရှားစွာ တွေ့မြင်နိုင်သည့် “အမူအကျင့် Behavior နှင့် အစဥ်အလာ Tradition တွေကို အောက်ပါအတိုင်း ဖော်ပြထားသည်။
(၁) နိုင်ငံရေးနှင့် အုပ်ချုပ်ရေးတွင် ပြည်သူပါဝင်နိုင်ခွင့် နည်းပါးခြင်း နှင့် ပြည်သူပါဝင်မှု အားနည်းနေ ခြင်း။
(၂) နိုင်ငံရေးနယ်ပယ်မှ လူမှုဆက်ဆံရေးနယ်ပယ်အထိ စစ်အာဏာရှင်ဝါဒဖြင့် လွှမ်းမိုးနေခြင်း။
(၃) အုပ်ချုပ်ရေး နှင့် ဘာသာရေးတို့အကြား အပြန်အလှန်လွှမ်းမိုးမှု ရှိနေခြင်း။
(၄) ပါတီ ဒါမှမဟုတ် ဂိုဏ်းဂဏအစွဲအလန်းကြောင့် အမျိုးမျိုးအလွှာအလွှာ ကွဲပြားနေခြင်း။
(၅) သူရဲကောင်းကိုးကွယ်ရေးအခြေပြုထားသည့် အမျိုးသားရေးဝါဒဖြင့် မျိုးစေ့လွှမ်းမိုးနေခြင်း။
(၆) ဘာသာရေးအခြေပြုသည့် အမျိုးသားရေးဝါဒအင်အားဖြင့် လွှမ်းမိုးနေခြင်း။
… အထက်ဖော်ပြပါ အချက် (၆)ချက်တို့ကို တွေ့မြင်နိုင်ပါသည်။ ဤအချက်များကြောင့် ခေတ်အဆက်ဆက် မြန်မာ့လူ့အဖွဲ့အစည်းနှင့် မြန်မာ့နိုင်ငံရေးဖြစ်စဥ်တွေအပေါ်မှာ အမြဲတမ်းလိုလို နေရာယူလွှမ်းမိုးထားသည်ကို တွေ့မြင်ရနိုင်ပါသည်။
ယခုရေးသားတင်ပြထားသည့် “မြန်မာ့နိုင်ငံရေးဓလေ့ Burma’s Political Culture” အကြောင်းနှင့်ပတ်သက်ပြီး ခွဲခြမ်းစိတ်ဖြားမြင်တွေ့နိုင်သော အချက် (၆) ချက်တို့၏ အသေးစိတ်တင်ပြဆွေးနွေးချက်များကို ဆက်လက် ရေးသားသွားမည်ဟု သတင်းစကားပါးလိုပါသည်။ ဤဆောင်းပါးအတိုအတွက် မိတ်ဆက်အနေဖြင့် ရေးသားပြီး နိဂုံးချုပ်အပ်ပါသည်။
အပိုင်း (၁) ကို ဆက်လက် ဖတ်ရှုရန် ….။