တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်းရှိ ကော့သောင်းမြို့နယ်နှင့် ခမောက်ကြီးမြို့နယ်တို့တွင် စစ်ကော်မရှင်က လုံခြုံရေးတင်းကြပ်ပြီး ကျေးရွာဘက်တွင် စစ်ကြောင်းထိုး ဝင်ရောက်လာနေကြောင်း တော်လှန်ရေးတပ်ဖွဲ့တို့ထံမှ သိရသည်။
ကော့သောင်းမြို့နယ်နှင့် ခမောက်ကြီးမြို့နယ်အတွင်းရှိ မြို့အဝင်အထွက်နေရာများကို လုံခြုံရေးတင်းကြပ်လာသည့်အပြင် လမ်းပိုင်းတွင် ကင်းပုန်းချထားခြင်း၊ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းတို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့တို့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင်၊ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျားကြီးက ပြောသည်။

“ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ မြို့နားကို မကပ်နိုင်အောင် မြို့နားကို မဝင်နိုင်အောင် မြို့လုံခြုံရေးကို ပိုတင်းကြပ်လာနေတယ်။ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာ၊ မေးမြန်းတာတွေ ပိုလုပ်လာတယ်။ ဆက်သွယ်ရေးလမ်းပိုင်းတွေမှာလည်း ကင်းပုန်းဝပ်တွေ ချထားတယ်။ လမ်းသွားလမ်းလာပြည်သူတွေကို ရှောင်တခင်လိုပုံစံမျိုး စစ်ဆေးနေတာတွေ လုပ်လာတယ်။ မြို့နဲ့နီးတဲ့ နယ်မြေတစ်ခွင်မှာရှိတဲ့ ကျေးရွာတွေဘက်ကို စစ်ကြောင်းတွေ ထိုးနေတယ်” ဟု ကိုကျားကြီးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့က ခမောက်ကြီးမြို့နယ်၊ ခမောက်ငယ်ကျေးရွာဘက်ကို အင်အား ၃၀ ကျော်ရှိသည့် စစ်ကော်မရှင်စစ်ကြောင်းက ရေလမ်းမှတဆင့် လှေငယ်နှစ်စီးဖြင့် ဝင်ရောက်လာခဲ့သည်။
အဆိုပါစစ်ကြောင်းကို ခမောက်ငယ်ကျေးရွာအနီးတွင် အသင့်စောင့်ကြိုနေသည့် တော်လှန်ရေးပူးပေါင်းတပ်တို့က တိုက်ခိုက်ခဲ့ရာ လှေငယ်တစ်စီး နစ်မြုပ်ပြီး စစ်ကော်မရှင်တပ်ဖွဲ့ အများအပြား သေဆုံးခဲ့သည်။
အလားတူး စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းကလည်း ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာဘက် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့သည်။
ကော့သောင်းခရိုင်တွင် စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုးပမ်းလာသည့်နှင့်အမျှ စစ်ရေးအရှိန်လည်း မြင့်လာမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ရေးအသိ၊ သတိဖြင့် နေထိုင်သွားလာကြပါရန် တော်လှန်ရေးအဖွဲ့တို့က တိုက်တွန်းထားသည်။
“အခုက သူတို့ရွေးကောက်ပွဲဖြစ်မြောက်ဖို့အတွက် ပြင်ဆင်နေတာ ရှိတယ်။ သင်တန်းပေးတဲ့ အစီအစဉ်တွေပေါ့နော်။ မြို့ပေါ်မှာ ရှိတဲ့ ပညာရေးဝန်ထမ်းတွေ၊ ရပ်ကျေးရွာကျေး ဝန်ထမ်းတွေ စသဖြင့်ပေါ့နော်။ သူတို့အသိုင်းအဝန်းထဲက လူတွေစုပြီး ရွေးကောက်ပွဲကော်မတီတွေ ဖွဲ့နေတယ်။ အဲလူတွေကို ပြောချင်တာက ပါဝင်ပူးပေါင်းမှုတွေ မလုပ်ဆောင်ပါနဲ့။ ကျနော်တို့ကတော့ လုပ်ထုံးလုပ်နည်းအတိုင်း ထိထိရောက်ရောက် အရေးယူသွားမှာ” ဟု ပြောသည်။
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲကို လုံးဝလက်မခံကြောင်းနှင့် ကန့်ကွက် တိုက်ဖျက်သွားမည်ဖြစ်ကြောင်းကို တော်လှန်ရေးအင်အားစုတို့က အသိပေးထုတ်ပြန်ထားပြီးဖြစ်သည့်အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေသူများကို ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကိုကျားကြီးက ဆက်ပြောသည်။
တနင်္သာတိုင်းဒေသကြီးအတွင်းရှိ ကော့သောင်း၊ ထားဝယ်၊ ဘုတ်ပြင်းနှင့် မြိတ်မြို့တို့တွင် ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပရန် စစ်ကော်မရှင်က စီစဉ်ထားပြီး အခြားမြို့နယ်များတွင်လည်း ရွေးကောက်ပွဲကျင်းပနိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်လျက် ရှိသည်။