spot_img
Tuesday, September 16, 2025
More
    spot_img
    Homeဆောင်းပါးစစ်မှုထမ်း ဖိအားများနှင့် သားသည်မိခင်များ၏ သောက

    စစ်မှုထမ်း ဖိအားများနှင့် သားသည်မိခင်များ၏ သောက

    -

    တနင်္သာရီတိုင်းဒေသကြီးတွင် စစ်အုပ်စု၏ အတင်းအကြပ်ပေါ်တာဆွဲပြီး စစ်မှုထမ်းတပ်သားသစ် စုဆောင်းမှုသည် မြို့ပေါ်ရပ်ကွက်များအထိ ကျယ်ကျယ်ပြန့်ပြန်လုပ်ဆောင်လာသည့်အတွက် မြို့ခံလူထုအကြား စိုးရိမ်မှု မြင့်တက်လာရသည့်အခြေအနေ ရှိသည်။

    ပြုစုထားသည့်စာရင်းများအရ တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်အများစုတို့တွင် ဇူလိုင်လလယ်ပိုင်းမှ စက်တင်ဘာလ ဒုတိယအပတ်အထိ ဖမ်းဆီးခံထားရသည့် အရပ်သားပြည်သူ ၁၀၀ နီးပါးရှိသည်။

    ယခုအချက်အလက်များသည် ဒေသတွင်းသတင်းမီဒီယာများ၊ လူ့အခွင့်အရေးအဖွဲ့များ၏ ရေးသားဖော်ပြချက်နှင့် မြို့ခံပြည်သူများ၊ တော်လှန်ရေးအစုအဖွဲ့များကို ဆက်သွယ်မေးမြန်းထားခြင်းများအပေါ် အခြေခံပြုစုထားသည့် အချက်အလက်များဖြစ်သည်။

    ဖမ်းဆီးခံထားရသည့် အရပ်သားပြည်သူများထံမှ အမျိုးသမီးများ၊ သက်ကြီးပိုင်းနှင့် ကျန်းမာရေးမကောင်းသူများကို ပြန်လွှတ်ပေးလိုက်သော်လည်း ၅၀ ဦးနီးပါးကို အတင်းအကြပ် စစ်မှုထမ်းရန် စုဆောင်းခံလိုက်ရခြင်းဖြစ်သည်။

    “အခုက ဟိုတုန်းကလို ရွာတွေမှာပဲ ပေါ်တာဆွဲနေတာ မဟုတ်တော့ဘူး။ မြို့ပေါ်ရပ်ကွက်ထဲမှာကို ပေါ်ပေါ် ထင်ထင်ပဲ။ သူတို့(စစ်တပ်)က ဖမ်းချင်သလိုဖမ်းနေတာ” ဟု အသက် ၄၅ နှစ်အရွယ် မြိတ်မြို့ခံ အမျိုးသမီးတဦးက ပြောသည်။

    ဖမ်းဆီးခံရသူများသည် မြိတ်၊ ထားဝယ်၊ ရေဖြူ၊ တနင်္သာရီ၊ ပုလောမြို့များမှ အများဆုံးပါဝင်ကြောင်း ကောက်ယူ ထားသည့်အချက်အလက်များအရ သိရသည်။

    အများစုသည် ဧည့်စာရင်း ဝင်စစ်ခြင်း၊ လမ်းသွားလာရင်း ဖုန်းများ စစ်ဆေးချိန်၊ မြို့အဝင်အထွက်နှင့် နေအိမ် အတွင်း ဝင်ရောက်စစ်ဆေးချိန်များတွင် အဓိက ဖမ်းဆီးခံရသည်ဟု သိရသည်။

    ထို့အပြင် စစ်ကြောင်းထိုး ဝင်ရောက်ချိန်များအပြင် အကြောင်းပြချက်အမျိုးမျိုးပေးပြီး လူငယ်များကို ဖမ်းဆီးခြင်းများ ရှိနေကြောင်း မြို့ခံများက ဆိုသည်။

    “နာရေးအိမ်လည်း ဝင်ဖမ်းတာပဲ။ ဟိုတလောက မြိတ်မှာလေ ဝင်ဖမ်းတာပဲ။ အကြောင်းပြချက်မရှိဘူး။ ကွမ်းထွက်ဝယ်ရင်တောင် ဖမ်းခံထိပါတယ်ဆို ဘယ်လောက်ဆိုးသလဲဆိုတာ။ ပြီးတော့ ဖုန်းထဲမှာ ဟိုစစ်ဒီစစ် လုပ်ပြီး တော်လှန်ရေးနဲ့ တခုခုပတ်သက်တာများတွေ့ရင်တော့ ခြိမ်းခြောက်ပြီး ဖမ်းသွားတာပဲ” ဟု အထက်ပါမြိတ်မြို့ခံက ဆက်ပြောသည်။

    ယခင်က စစ်အုပ်စုသည် စစ်မှုထမ်းသင်တန်းတက်ရောက်ရန် ဆင့်ခေါ်စာများ ပေးပို့ခဲ့သော်လည်း ယခုနောက်ပိုင်း ဆင့်ခေါ်စာ ပေးပို့ခြင်း မရှိဘဲ ဖမ်းဆီးမှုများ ပိုများလာကြောင်း ၎င်းက ဆက်ပြောသည်။

    တနင်္သာရီတိုင်းတွင် စစ်မှုထမ်းရန် အတင်းအကြပ်ဖမ်းဆီး စုဆောင်းခံရပါက ပြန်လည်လွတ်မြောက်ဖို့ တဦးလျှင် ငွေကျပ် ဆယ်သိန်းကနေ သိန်းငါးဆယ်ဝန်းကျင်အထိ ပေါက်ဈေးရှိသည်။ သို့သော် ယခုနောက်ပိုင်းတွင် ညှိနှိုင်းဖို့ ခက်ခဲလာကြောင်း ပြောဆိုကြသည်။

    “ဥပမာ ဧရာဝတီတိုင်းမှာ အပတ်စဉ်တခုအတွက် လတိုင်း လူခေါ်ဖို့အတွက် တသိန်းထည့်ရတယ်ပေါ့၊ ဒီမှာက အဲလိုမရဘူးတော့ဘူး၊ ဘာလို့ဆိုတော့ အစားထိုးဖို့ လူက မရှိတော့ဘူး၊ ညှိဖို့ခက်လာတယ်ပေါ့၊ သူတို့က လူပဲ လိုတယ်၊ တချို့မိသားစုတော့ ရှိရင်ရှိမှာပေါ့၊ ပိုက်ဆံပေးရတာတွေ၊ ထုတ်မပြောတာမျိုးတွေပေါ့” ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

    ထို့အပြင် စစ်မှုထမ်းရန် အမည်စာရင်း ပေါက်ထားပြီး နေအိမ်တွင် မရှိသည့်အခါမျိုးတွင် ကျန်ရှိနေသည့် မိသားစုဝင်များမှ လစဉ်ကြေး သောင်းဂဏန်း ထည့်ဝင်ကြရသူများ ရှိသည်ဟု ဆိုသည်။

    ငွေကြေးအဆင်ပြေသည့်အသိုင်းအဝိုင်း၊ ဌာနဆိုင်ရာဝန်ထမ်းမိသားစုဝင်များ၊ စစ်အုပ်စုနှင့် နီးစပ်သည့် သူများသည် စစ်မှုထမ်းသင်တန်းတက်ရောက်ဖို့ ဆင့်ခေါ်ခံရမှု မရှိသလောက် နည်းပါးနေကြောင်း ၎င်းက ဆက် ပြောသည်။

    “အရင်ကဆို လမ်းသွားလာရင် ပေါ်တာဆွဲခံရမှာ စိုးရိမ်ရတာ၊ အခုက အိမ်မှာနေရင် တောင်မှ မလုံခြုံတော့ဘူး၊ သူတို့(စစ်အုပ်စု) ထိန်းချုပ်ဧရိယာမှာ နေနေရင်တော့ အချိန်ပြည့်စိုးရိမ်နေရပြီ” ဟု (DDMSC)၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

    ယခုလိုမြို့ပေါ်ရပ်ကွက်များတွင် ဖမ်းဆီးမှုများ ရှိနေသည့်အပေါ် ပြည်သူများအကြား စိုးရိမ်မှု မြင့်တက်နေပြီး မိသားစုဝင်တဦးဦး ဖမ်းဆီးမခံရရေးအတွက် လူငယ်ပိုင်းအမျိုးသားများသည် တော်လှန်ရေးနယ်မြေများနှင့် ပြည်ပနိုင်ငံများဘက်သို့ ထွက်ပြေးတိမ်းရှောင်မှု များလာသည်။

    ယင်းထဲက လူနည်းစုကသာ တော်လှန်ရေးထဲ ပါဝင်လိုစိတ်ရှိပြီး အများစုက ပြည်ပ အိမ်နီးချင်းနိုင်ငံဘက်ကို သွားရောက်အလုပ်လုပ်ကိုင်ချင်ကြသည်ဟု ထားဝယ်ခရိုင်အခြေစိုက်တော်လှန်ရေးတပ်ခေါင်းဆောင်တဦးက ဆိုသည်။

    “သူတို့လာတယ်။ ခေတ္တခဏ ခိုလှုံကြတယ်။ ပြီးရင်တော့ သူတို့ နယ်စပ်ပြည်ပဘက်ကိုပဲ ထွက်ချင်ကြတာ” ဟု ၎င်းက ပြောသည်။

    တော်လှန်ရေးထဲ ပါဝင်လိုစိတ်ဆန္ဒမရှိသည့် လူငယ်လူရွယ်များကို အတင်းအကြပ်ခေါ်ပြီး တော်လှန်ရေးလုပ်ခိုင်း ပါက အောင်မြင်မှု မရှိသလို ယင်းလုပ်ဆောင်ချက်သည် မှားယွင်းသည့်အယူအဆဖြစ်ကြောင်း ၎င်းက ဆက်ပြော သည်။

    အခြားတဖက်တွင်မူ စစ်မှုထမ်းရှောင်ရန်အတွက် နိုင်ငံခြားထွက်ခွာဖို့ ကြိုးစားနေကြသည့် ငွေကြေးတက်နိုင်သည့် မိသားစုဝင်များကပင် စစ်အုပ်စု၏ ကန့်သတ်မှုများကြောင့် မလွယ်လှသည့်အခြေအနေများနှင့် ရင်ဆိုင်နေရသည်။

    ယင်းထဲမှ ငွေကြေးအဆင်မပြေသည့် မိသားစုဝင်များသည် အောက်လမ်း(ခိုးလမ်း)များဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံ ဘက်ကို အဓိက ခိုဝင်ကြသည်။

    သို့သော်လည်း တရားမဝင်ဟုဆိုကာ အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရပြီးနောက် စစ်အစိုးရထံ ပြန်လွှဲခံရပါက စစ်မှုထမ်းဖို့ စုဆောင်းခံရပြန်သည်။

    စစ်မှုထမ်းစုဆောင်းခံရသူများသည် ပလောက်မြို့ အမှတ်(၁၂)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်း ကျောင်းတွင် သင်တန်းတက်ရသည်။

    စစ်မှုထမ်းသင်တန်းတက်ရောက်ပြီးပါက မိမိဒေသတွင်း၌သာ တာဝန်ထမ်းဆောင်ရမည်ဟု စစ်ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသော်လည်း လက်တွေ့၌ မဟုတ်နေပေ။

    တော်လှန်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်အရ တနင်္သာရီတိုင်းတွင် စစ်မှုထမ်းသင်တန်းတက်ရောက်ထားသည့် ဒေသခံများသည် ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်ခြင်းခံခဲ့ရပြီး အချို့မှာမူ ကျဆုံးသွားချိန်မှသာ မိသားစုဝင်များထံ ဆက်သွယ်အကြောင်းကြားသည်။

    “အမသားကို အခုတယောက်ထဲ ကျောင်းသွား ကျောင်းပြန် မလွှတ်ရဲတော့ဘူး၊ လူမရွေးဘူး ဖမ်းတာလေ၊ အမျိုးသားတလှည့် ကိုယ်တလှည့် အလှည့်ကျပဲ ကလေးကို ကြိုပို့လုပ်နေရတယ်” ဟု မြိတ်မြို့မှ ဆယ်ကျော်သက်အရွယ်သားသည်မိခင်တဦးက ပြောသည်။

    ယင်းအခြေအနေသည် တနင်္သာရီတိုင်းအတွင်းရှိ သားသည်မိခင်တိုင်းအတွက် စိုးရိမ်ထိန့်လန့်စရာဖြစ်နေသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,900SubscribersSubscribe
    spot_img

    Latest posts