Tuesday, March 10, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်တွင် “ဝီရမာန်”ရွှေဆိုင်ရှင်လင်မယား ဓားပြတိုက်ခံရ

    သံဖြူဇရပ်တွင် “ဝီရမာန်”ရွှေဆိုင်ရှင်လင်မယား ဓားပြတိုက်ခံရ

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ စက်သစ်ရပ်ကွက်တွင် ဆိုင်ဖွင့်လှစ်ထားသည့် “ ဝီရမာန်” ရွှေဆိုင်မှ လင်မယားနှစ်ဦး ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းအချို့ ဆုံးရှုံးသွားခဲ့ရကြောင်း သတင်းအရင်းအမြစ်များအရ သိရသည်။

    ယမန်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်ခန့်က ဆိုင်မှနေအိမ်သို့ ကားဖြင့်ပြန်လာသည့် ဆိုင်ရှင်လင်မယားနှစ်ဦးသည် ကြာကန်ရပ်ကွက်ရှိ နေအိမ်အရောက်တွင် အမည်မသိလူနှစ်ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ကားရှေ့ပိတ်ရပ်ကာ သေနတ်ဖြင့် ခြိမ်းခြောက်ခဲ့သည်။

    ထို့နောက် ကားပေါ်ရှိ ရွှေထည်ပစ္စည်းများထည့်ထားသည့် အမဲရောင်လက်ဆွဲအိတ်ကို လုယူသွားခဲ့ကြောင်း သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။

    “ဆိုင်ရှင်လင်မယားက ဆိုင်ကနေပြန်ပြီး အမျိုးအိမ်အရင်ဝင်လည်တယ်လို့ကြားတာပဲ။ အမျိုး အိမ်ကအပြန် အိမ်အရောက်မှာ ဖြစ်သွားတာ။ သူတို့အိမ်ရောက်လို့ ကားရပ်တဲ့အခါမှာ သေနတ် သမားနှစ်ဦးက သေနတ်ပြပြီး လုသွားတာ။ လူတွေတော့ ဘာမဖြစ်ဘူး”ဟု ဆိုသည်။

    လုယူခံလိုက်ရသည့် ရွှေထည်ပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးသည် ပျမ်းမျှခန့်မှန်းတန်ဖိုး သိန်းပေါင်း(၃၇၀၀) ကျော်ရှိကြောင်း သတင်းအရင်းအမြစ်များအရ သိရသည်။

     ပြစ်မှုကျူးလွန်သူ အမျိုးသားနှစ်ဦးကို နစ်နာသူမှ အမှုဖွင့်ထားပြီး ယနေ့တွင် စစ်ကော်မရှင်ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက သံဖြူဇရပ်မြို့ပေါ်တွင် လိုက်လံရှာဖွေဖမ်းဆီး နေဆဲဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

    ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့ ယမန်နေ့ကလည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ မော်လမြိုင်တက္ကသိုလ်ပတ်လမ်းရှိ နေအိမ်တစ်အိမ်တွင် ဓားပြတိုက်ခံရမှု ဖြစ်ပွားခဲ့သေးသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်တွင်ခိုးမှု၊ လုယက်မှု များပြားလာကာ ခြိမ်းခြောက်ငွေတောင်းသည့် ဖြစ်စဉ်များ၊ အနုနည်းဖြင့်လုယက်ပြီး လူသတ်သည့် ဖြစ်စဉ်များလည်း မကြာခဏဖြစ်ပွားနေသည်ဟု မြို့ခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks