Home မေးမြန်းချက် " ခေါ်ပြောလို့မရအောင် ဖုန်းလိုင်းဖြတ်လိုက်တာ။ နောက်ပြီးတော့ ဧရာဝတီမှာ ကျမတို့ပါတီဝင်ပေါ့၊ မွန်မဟုတ်တဲ့ပါတီဝင်က သစ္စာဖောက်သွားတာ။ အဲဒါနဲ့ပဲကျမတို့ ကျန်ခဲ့တယ်။ ရုံးခန်းမပြည့်တာ မဟုတ်ဘူး။...

" ခေါ်ပြောလို့မရအောင် ဖုန်းလိုင်းဖြတ်လိုက်တာ။ နောက်ပြီးတော့ ဧရာဝတီမှာ ကျမတို့ပါတီဝင်ပေါ့၊ မွန်မဟုတ်တဲ့ပါတီဝင်က သစ္စာဖောက်သွားတာ။ အဲဒါနဲ့ပဲကျမတို့ ကျန်ခဲ့တယ်။ ရုံးခန်းမပြည့်တာ မဟုတ်ဘူး။ ပြည့်မီပါတယ်။"အမျိုးသမီးပါတီ(မွန်) ဥက္ကဌ မိသန်းရှင်

တရားမဝင်ရွေးကောက်ပွဲကျင်းပမည့် စစ်ကော်မရှင်ထံ ပါတီဖျက်သိမ်းခံရသည့် အမျိုးသမီးပါတီ(မွန်)သည် သတ်မှတ်ထားသည့် ပါတီရုံးခန်းအရေအတွက် မပြည့်မှီခြင်းကြောင့်မဟုတ်ဘဲ ဆက်သွယ်ရေးအခက်အခဲနှင့်  သစ္စာဖောက်ခံရမှုကြောင့်ဖြစ်သည်ဟု ပါတီဥက္ကဌဖြစ်သူ မိသန်းရှင်က ပြောသည်။

အမျိုးသမီးပါတီ(မွန်) အပါအဝင် ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းအရေအတွက်မပြည့်မှီသည့် နိုင်ငံရေးပါတီ (၄) ပါတီကို စက်တင်ဘာလ ၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းလိုက်ကြောင်း စစ်ကော်မရှင်မှ ကြေညာသည်။

လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးသော်လည်း ပါတီပြန်လည်ရှင်သန်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မိသန်းရှင်က ဆိုသည်။

ပါတီဖျက်သိမ်းခံရသည့်အပေါ် အမျိုးသမီးပါတီ(မွန်)၏ တုံ့ပြန်ချက်နှင့် ရှေ့ဆက်လုပ်ဆောင်သွားမည် လုပ်ငန်းစဉ်များနှင့်ပတ်သတ်၍ ပါတီဥက္ကဌ မိသန်းရှင်နှင့် ဆက်သွယ်မေးမြန်းထားသည်။

ပုံ- အမျိုးသမီးပါတီ(မွန်) ယခင်ပုံဟောင်း

မေး။ အမျိုးသမီးပါတီ (မွန်) ကို ပါတီရုံးခန်း မပြည့်လို့ဆိုပြီး ဖျက်သိမ်းလိုက်တာနဲ့ ပတ်သတ်ပြီး ဘာဆက်လုပ်သွားဖို့ ရှိသလဲ။

ဖြေ။ ပါတီရုံးခန်း မရှိတာမဟုတ်ဘူး။ ရှိပါတယ်။ ကျော်တောင်ကျော်တယ်လေ။ ဒါပေမဲ့ အဲဒီအချိန်မှာ ရန်ကုန်ပေါ့နော်၊ ရန်ကုန်မြို့နယ်မှာ မွန်တွေ အများကြီး ရှိတယ်မလား။ မွန်တွေက အိမ်သေးကြတယ် သူတို့ အိမ်သေးတော့ အဲဒီမှာ ၆ ရက်နေ့နဲ့ ၇ ရက်နေ့ပေါ့။ ၇ ရက်နေ့က ပိတ်တယ်ဆိုတော့ ၆ ရက်နေ့ အဲဒီမှာ ရောက်သွားတယ်။ အဲဒီမှာ ဖုန်းဆက်တဲ့အခါကြတော့ ဘယ်လိုပြောမလဲ ရုံးကို စာတင်တဲ့အခါကျတာ့လေ၊ ဘယ်လိုပြောမလဲ ကျမတို့က မေတ္တာနဲ့ပဲ ငှားတာကြတော့ စာချုပ်စာတမ်းတွေ မရှိဘူးလေ။ အဲမှာက အိမ်ရှင်ရဲ့ မှတ်ပုံတင်နံပါတ်က ကျမတို့ မရလာဘူး။ မရလာတော့ အဲဒါတစ်ခုတော့ တောင်းရတာပေါ့။ တောင်းတဲ့နေရာမှာ ဖုန်းဆက်လို့ လုံးဝမရဘူး။ ဖုန်းလိုင်းက ဘယ်လိုမှ မရဘူး။ ၆ ရက် နဲ့ ၇ ရက်နေ့က ကျမတို့ ဖုန်းတွေ တစ်ခုမှ မရဘူး။ ကျမတို့ ဖုန်း ၃ လုံးကလည်း ၃ လုံးစလုံး တစ်ခုမှ ဆက်လို့ မရဘူး။ အဆက်အသွယ်မရတော့ သူတို့ဆီက မှတ်ပုံတင်နံပါတ်ကို မရလိုက်လို့ ဖောင်တင်တာ ရက်က ကုန်သွားတယ်ပေါ့၊ အဲဒီလိုမျိုးတော့ ရှိသွားတယ်ပေါ့။

အမှန်က ရန်ကုန်တိုင်းကို နှစ်ခုပဲ တင်ဖြစ်သွားတယ်ပေါ့၊ ရွှေပြည်သာနဲ့ လှိုင်သာယာ နှစ်ခုပဲ တင်ဖြစ်သွားတယ်။ ကျန်တဲ့ မြို့တွေက တင်လို့ မရသလိုဖြစ်သွားတာ၊ နောက်ပြီးတော့ ရှိသေးတယ်။ ဧရာဝတီတိုင်းမှာ တိုင်းနဲ့ပြည်နယ်ကျတော့ ကျမတို့တင်တာက တနင်္သာရီရယ်၊ မွန်ပြည်နယ်ရယ် ကရင်ပြည်နယ်ရယ် ပဲခူးတိုင်းရယ်၊ ရန်ကုန်တိုင်းရယ် ဧရာဝတီတိုင်းရယ်ပေါ့။ အခြားတိုင်းတွေက အဆင်ပြေတယ်။ ဧရာဝတီတိုင်းကျတော့ ကျမတို့ မွန်တွေက နည်းတယ်၊ အဲဒီမှာ လောလောဆယ် မွန်ဦးရေက နည်းတယ်။ တခြားတိုင်းရင်းသားတွေ ဘယ်လိုပြောမလဲ အဖွဲ့တွေရှိတာပေါ့၊ အဖွဲ့တွေက သူတို့ ပါလာတာပေါ့နော်၊ အဲဒီဧရာဝတီကို ကျမတို့ ပဲခူးနဲ့ ရန်ကုန်မလာခင်ကတည်းက ဒီမှာအပြီးလုပ်ထားတာ အပြီးလုပ်ထားတော့ အကုန်လုံးကို ဖြည့်ဆည်းထားတာ၊ အဲဒါ ကျမရှေ့မှာ ပဲခူးမြို့နယ်အတွက်ပေါ့ တိုင်းကိုတင်လိုက်တာ ကျမရှေ့မှာပဲ တင်လိုက်တာ တစ်ခု။

ကျန်တဲ့မြို့နယ်ကျတော့ ကျမတို့ ပါတီဝင်က သူတို့တင်လိုက်မယ်ပေါ့။ သူတို့တင်မယ်၊ ကျမတို့လည်း အချိန်မရဘူးဆိုတော့ ကမန်းကတန်းနဲ့ ပဲခူးနဲ့ ရန်ကုန်ကို တက်လာခဲ့တာပေါ့။ အဲဒီအခါမှာ ကျမတက်လာတာပေါ့၊ ကျန်တဲ့အဖွဲ့ ပါတီဝင်တွေက အဲဒီမှာ ကျန်ခဲ့တာပေါ့။ ဧရာဝတီမှာ သစ္စာဖောက်ခံရတယ်လို့ ပြောရမှာပေါ့၊ သူတို့မတင်လိုက်ဘူး။ ရုံးကို အရောက်မပို့လိုက်ဘူး။ အဲဒီစာတွေပဲ ပုံနေတာပေါ့။ ဒီနေ့ ကျမ ဧရာဝတီကို သွားတာ စာရင်းဇယားတွေ ဒီအတိုင်း သူတို့ မပို့လာဘူး။ မပို့လိုက်ဘူးဆိုတော့ အဲမှာက ကိုယ်တို့မွန်တွေ အားလုံးမဟုတ်တော့လေ တခြားတွေလည်း ပါလာတော့ သစ္စာဖောက်တာ ခံရတယ်။ ၂၆ မြို့မှာ တစ်မြို့ပဲတင်ဖြစ်တယ်။ ကျန်တဲ့မြို့တွေက ရုံးအဖွဲ့တွေ မဟုတ်ဘူးနော်၊ ကျမတို့ ပါတီက လူတွေပဲ၊ ဖောက်သွားတာပေါ့၊ အဲဒီလိုမျိုး ရှိတယ်။ ကျမ အချိန်မီပြင်ဆင်ခွင့် မရလိုက်ဘူးပေါ့။ နောက်ပြီးတော့ရန်ကုန်တိုင်းမှာကျတော့ ဖုန်းလိုင်းက မရလို့ စာရင်းကတော့ ပြည့်တယ်။ ရုံးကလည်း ပြည့်တယ်။ ပါတီဝင်စာရင်းလည်း ပြည့်တယ်။ ကျော်နေတယ် အများကြီး တင်ထားတာ။ ဒါပေမဲ့ လက်တွေ့မှာတော့ ကျမတို့ ရှိတဲ့နေရာမှာ ဖုန်းလိုင်းဖြတ်လိုက်တာတို့ ဖုန်းလိုင်းဖြတ်လိုက်တာပေါ့နော်၊ အဲဒီလိုပဲ ပြောရမှာပေါ့၊ အဲဒီလို ဖုန်းလိုင်းဖြတ်လိုက်တာ ဝင်လို့မရအောင်ပေါ့၊ ခေါ်ပြောလို့ မရအောင် ဖုန်းလိုင်း ဖြတ်လိုက်တာ နောက်ပြီးတော့ အဲဒီ ဧရာဝတီမှာ ကျမတို့ ပါတီဝင်ပေါ့၊ မွန်မဟုတ်တဲ့ ပါတီဝင်ဟာ သစ္စာဖောက်သွားတာ အဲဒါနဲ့ပဲကျမတို့ ကျန်ခဲ့တယ်။ ဒါပါပဲ မပြည့်တာ မဟုတ်ဘူး။ ပြည့်မီပါတယ်။ အဲဒီလိုမျိုးပဲ ပြောပါရစေ။

မေး။ ဒါဆိုရင် ဆရာမ။ ဧရာဝတီကလည်း သူအကြောင်းအရာ တစ်ခု၊ ရန်ကုန်ကလည်း အကြောင်းအရာ တစ်ခု ဖြစ်နေတော့ ဒီကိစ္စကို UEC နဲ့ တွေ့ဆုံဖို့ ရှိမရှိ၊ နောက်ပြီးတော့ ရွေးကောက်ပွဲကလည်း ဒီဇင်ဘာမှဆိုတော့ ဒါနဲ့ပတ်သက်ပြီး ဘာဆက်လုပ်ဖို့ ရှိသလဲ။

ဖြေ။ ဘယ်လိုပြောမလဲ ကျမတို့သွားလို့ မမှီလိုက်ဘူး။ သူတို့ စာတွေ ထုတ်လိုက်တာလေ၊ ပါတီပါ ဖျက်သိမ်းလိုက်တာ အမှန်ကတော့ ရွေးကောက်ပွဲမှာ ကျမတို့ လုပ်လို့ မမှီလို့ ရွေးကောက်ပွဲမှာ ဝင်ခွင့်မရှိဘူးဆိုတာလောက် ကျမတို့ လက်ခံတယ်လေ၊ ပါတီပါ ဖျက်သိမ်းတာကျတော့ ကျမတို့မှာ အပြစ်မှမရှိတာ ဘာလို့ ဖျက်သိမ်းရမှာလဲ။ အခုက ပါတီပါ ဖျက်သိမ်းတော့ နည်းနည်းများ မှားနေသလားလို။့ ကျမ အဲဒီလိုမျိုးပေါ့နော်။ ကျမတို့လည်း ပါတီမှာ မပြိုင်ရတာ ရွေးကောက်ပွဲ မပြိုင်ရတာ ဘာမှမဖြစ်ပါဘူး။ ဘာဖြစ်သလဲဆိုတော့ ကျမတို့ လုပ်တာက ရွေးကောက်ပွဲအတွက် အမတ်ဖြစ်ချင်လို့၊ ဝန်ကြီးဖြစ်ချင်လို့မှ မဟုတ်တာ ကိုယ့်မွန်ဒေသတွေမှာ ကိုယ့်မွန်တွေဆီ အရောက်သွားလို့ ရ‌အောင်ဆိုတဲ့ ရည်ရွယ်ချက်လောက်ပဲ ဆိုတော့ စိတ်ဓါတ်ကျတာတော့ မရှိဘူးလေ။ ဒါပေမဲ့ ပါတီက ဆက်လက်ရှင်သန်သွားဖို့က ကျမတို့က လူကြီးတွေဆီမှာ ခွင့်တောင်းရမှာပေါ့၊ ပြန်ပြီးမှ လျှောက်တင်ရမှာပေါ့နော်၊ ပါတီပြန်ရှင်အောင်တော့ ကျမတို့ ဆက်ပြီးမှ ကြိုးစားရဦးမှာပေါ့၊ ဒါပေမဲ့ ရွေးကောက်ပွဲကိုတော့ မမှီတော့ဘူးလေ။

မေး။ အခုလိုမျိုး ကိုယ့်ဖက်ကလည်း အမှားမရှိဘဲနဲ့ အကြောင်းအမျိုးမျိုးကြောင့် တဖက်မှာလည်း သစ္စာဖောက်ခံရတဲ့ ပုံစံမျိုး နောက်တစ်ခုက ပါတီပါ ဖျက်သိမ်းခံလိုက်ရတော့ ဒီအပေါ်မှာ ဘာများဖြည့်စွက်ပြောကြားလိုသလဲ။

ဖြေ။ ကျမတို့က နိုင်ငံရေး လုပ်တာလေ။ နိုင်ငံရေး လုပ်တာဆိုတော့ တခါတလေတော့ ဒီလိုမျိုးက ကြုံရတတ်ပါတယ်။ ကျမတို့ ဦးတည်ရမှာက ရှေ့လုပ်ငန်းစဉ်မှာ ကျမတို့ ရှေ့ဆက်သွားမယ့် ခရီးအတွက် အကောင်းဆုံးဖြစ်အောင်တော့ ကျမတို့ သွားနိုင်အောင် ကျမတို့ ကြိုးစားရမှာပဲ။ ဒီလိုမျိုး နိုင်ငံရေးတွေ ကြုံရမယ်ဆိုတော့ ဘယ်သူ့ကို အပြစ်ဖြစ်တာမျိုးတော့ မပြောလိုပါဘူး။ နိုင်ငံရေး ကဏ္ဍပဲ၊ ဒါမျိုးက တခါတလေ အလျဉ်းသင့်တော့ ကြုံရမှာပဲ။ အဲဒါကြောင့် ရှေ့လုပ်ရမယ့် ကဏ္ဍတွေကျတော့လေ လူကြီးတွေကို ကျမတို့ ခွင့်ပြန်တောင်းမယ်။ မဖျက်အောင်ပေါ့၊ ကျမတို့ အရင်တုန်းက ပုံစံအတိုင်း ဆက်သွားလို့ရအောင် လူကြီးတွေကို အကျိုးအကြောင်း ပြောပြပြီး ပြန်လို့စာတင်မယ်၊ ပြန်ပြီး တင်ပြမယ်ဆိုလို့ရှိရင် လူကြီးတွေလည်း ခွင့်ပြုလိမ့်မယ်လို့ မြင်ပါတယ်။ ပြန်ပေးမယ်လို့ပဲ ကျမတို့ မြင်ပါတယ်။ အဲဒီအတွက် ဆက်ပြီး စဉ်းစားပါရစေလို့ ပြောပါရစေ။

မေး။ စစ်ကော်မရှင်က မှတ်ပုံတင် ဖျက်သိမ်းလိုက်တယ်ဆိုတော့ ပြန်တင်လို့ ရသေးလား။

ဖြေ။ ဖျက်သိမ်းတယ်ဆိုပေမယ့်လည်း ဘယ်လိုပြောမလဲ ပြန်မေးရဦးမှာပေါ့။ ဒါကတော့ အတည်လား၊ ယာယီလားဆိုတာ ပြန်မေးရမှာပေါ့။ အခြေအနေက အခုက ဘယ်လိုပြောမလဲ အလျင်လိုတဲ့အချိန်ကြားကာလဆိုတော့လေ နိုင်ငံရေး အခြေအနေက အမျိုးမျိုး၊ နိုင်ငံရေး ကဏ္ဍအမျိုးမျိုး ဖြစ်နေတော့ တကယ်ပဲ ဒီလိုပဲ ယူမှာလည်း ဒီလိုမဟုတ်ရင် အရေးပေါ် သူတို့က လုပ်လိုက်ရတာလား ဒါမှမဟုတ်ရင်လည်း နောက်ပြီးတော့ အစီအစဉ်တစ်ခုနဲ့ ပြန်ပြီးတော့ ပြောင်းလဲမှာလားဆိုတာ ကြည့်ရဦးမှာပါ။ အခြေအနေက ကြည့်ရဦးမှာပါ။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.