spot_img
Sunday, October 12, 2025
More
    spot_img
    Homeသတင်းTNLA အားထုတ်မှုနဲ့ မွန်လက်နက်ကိုင်အဖွဲ့များ စုစည်းမှုရှိနေပြီးလား

    TNLA အားထုတ်မှုနဲ့ မွန်လက်နက်ကိုင်အဖွဲ့များ စုစည်းမှုရှိနေပြီးလား

    -

    အတွေးအမြင်၊ ဗလမင်း

    ဟိုတစ်နေ့က မွန်လက်နက်ကိုင်တစ်ဖွဲ့ထဲက တာဝန်ခံတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ သူ ကျနော့်ကို ဘာပြောသလဲ ဆိုတော့…၊ TNLA က ရဲဘော်တစ်ယောက်နဲ့ စကားပြောဖြစ်ခဲ့တဲ့ အကြောင်းပါ။

    မွန်လက်နက်ကိုင်တွေ ပေါင်းစည်းရေးနှင့်ပတ်သက်ပြီး ကျနော့်ကို သူက ဘာပြောလဲဆိုတော့ “ဝိုင်းကူပေးပါဦးတဲ့။ ဒါကို TNLA အနေနဲ့ နားလည်သင့်ပြီး မွန်လက်နက်ကိုင်တွေ အားလုံး ပေါင်းစည်းမှု ဖြစ်လာအောင် လုပ်ပေးဖို့ ပြောပေးပါ” တဲ့။

    “မွန်ပြည်သစ်အေဒီက TNLA နဲ့ မဟာမိတ်ဖြစ်လာတော့ ကျနော်တို့ ၂ ဖွဲ့ ပြောတဲ့ဟာကို ဂရုမစိုက်တော့ဘဲ သူတို့လုပ်တဲ့ တော်လှန်ရေးကြီးပဲ မှန်နေသလို လုပ်ဆောင်လာနေတယ်၊ ဆက်ဆံရတာ အခုနောက်ပိုင်း ပိုတောင် ခက်ခဲလာတယ်” တဲ့။

    ကျနော်တို့၂ ဖွဲ့လို့ သူပြောသွားတာက MSRF နဲ့ MSDF ကို ရည်ညွန်းပြီး ပြောတာပါ။

    “မွန်ပြည်သစ်အေဒီက TNLA နဲ့ မဟာမိတ်ဖြစ်လာတော့ ကျနော်တို့ ၂ ဖွဲ့ ပြောတဲ့ဟာကို ဂရုမစိုက်တော့ဘဲ သူတို့လုပ်တဲ့ တော်လှန်ရေးကြီးပဲ မှန်နေသလို လုပ်ဆောင်လာနေတယ်၊ ဆက်ဆံရတာ အခုနောက်ပိုင်း ပိုတောင် ခက်ခဲလာတယ်” တဲ့။

    မွန်နဲ့ တအာင်း၊ တအာင်းနဲ့ မွန်တွေ တွေ့ကြဖို့က ခက်တယ်။ တအာင်းကျတော့ ရှမ်းမြောက်မှာနေတော့ အပေါ်နဲ့ အောက်မြန်မာပြည်က မြေပုံမှာ ကြည့်လိုက်ရင် အဲဒီလိုဖြစ်နေတယ်။ ဒါပေမဲ့ မွန်နဲ့ တအာင်းတို့မှာ မွန်ခမာအမျိုးနွယ်ဆီက ဆင်းသက်လာတာဖြစ်လို့ ညီအကိုတွေ ဖြစ်ကြတယ်လို့ သမိုင်းမှာ အဲဒီလို ပြောကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် အနေဝေးကြပေမဲ့ နွေဦးတော်လှန်ရေးကြောင့် မွန်နဲ့ တအာင်းတွေ ကလည်း ပြန်ဆုံကြပြီလို့ ပြောရမယ်။ တအာင်းတပ်တော်က မွေးထုတ်ပေးလိုက်တဲ့ MLA ကို ထိန်းကျောင်းပေးတဲ့အနေနဲ့ တအာင်းဘက်က ခေါင်းဆောင်တစ်ချို့ မွန်နယ်ထဲ ရောက်လာတယ်။

    မွန်ပြည်သစ်အေဒီနဲ့ MLA တို့ ပူးပေါင်းဖို့ကျတော့ အချိန်ကာလတစ်ချို့စောင့်ပြီး နားလည်မှုယူရင်း နောက်ဆုံး ပူးပေါင်းနိုင်ကြတယ်။ တအာင်း ခေါင်းဆောင်တွေရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် မွန်လက်နက်ကိုင် ၂ ဖွဲ့ စုစည်းလာတာလို့ ပြောရင် မမှားပါဘူး။

    ဒါပေမဲ့ တအာင်းခေါင်းဆောင်တွေရဲ့ အားထုတ်မှုက ‘လုံလောက်နေပြီလား’ လို့ မေးရင် စာရေးသူအနေနဲ့ နောက်ထပ် လက်ကျန် မွန်လက်နက်ကိုင် ၂ ဖွဲ့ကိုလည်း စုစည်းမှုထဲ ပါလာအောင် တအာင်းခေါင်းဆောင်တို့ အနေနဲ့ လုပ်ပေးစေချင်တယ်။ ဘယ်လိုလုပ်ရမလဲလို့ တအာင်းခေါင်းဆောင်တွေက စာရေးသူကို မေးရင် ‘မွန်လက်နက်ကိုင်တွေမှာ ထိုင်ခုံလုနေကြတယ်’ လို့ စာရေးသူအနေနဲ့ မြင်တယ်။ စာရေးသူကိုယ်တိုင် မွန်လက်နက်ကိုင် ပေါင်းစည်းရေး စိတ်အားထက်သန်ပေမဲ့ ဘာကြောင့် မပေါင်းစည်းကြတာလဲလို့ဆိုတာကို လက်ကျန် မွန်လက်နက်ကိုင် ၂ ဖွဲ့က ခေါင်းဆောင်တွေကို မေးကြည့်တယ်။

    ခေါင်းဆောင်တွေက ဘာပြောသလဲ ဆိုတော့ သူတို့ထဲက ခေါင်းဆောင်တစ်ချို့ မွန်ပြည်သစ်အေဒီစခန်းထဲ အထိ စုစည်းဖို့ကိစ္စ သွားရောက်တိုင်ပင်တယ် တဲ့။ ဒါပေမဲ့ အေဒီခေါင်းဆောင်ဘက်က ဘာပြောလဲဆိုတော့ သူတို့ ဦးစီးမှုအောက်ကနေ ဝင်လာပါ တဲ့။

    ဦးစီးမှုအောက်ကနေ ဝင်လာပါဆိုတဲ့ နေရာမှာ မွန်အေဒီဘက်က ခေါင်းဆောင်တွေကျတော့ ကျနော်သာလျှင် ဥက္ကဋ္ဌ၊ ပြီးတော့ ကျနော်သာလျှင် ဒုဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှုး ဆိုတော့… စုစည်းမှုကိစ္စက အခုထိ အဖြေရှာမရဘဲ ဖြစ်နေပါတယ် တဲ့။ လက်ကျန် ၂ ဖွဲ့ဘက်က ဘာဖြစ်ချင်တာလဲ လို့ မေးရင် စုစည်းဦးဆောင်မှု ခေါင်းဆောင်ဖြစ်ချင်တာ တဲ့။

    ဆိုလိုတာက မွန်အေဒီက ဥက္ကဋ္ဌနေရာ ယူထားရင် အခြားအဖွဲ့က တစ်ယောက်ကို ဒုဥက္ကဋ္ဌ နေရာပေးဖို့ ဆိုလိုတာ တဲ့။ မွန်အေဒီဖြစ်ချင်တဲ့ ပုံစံက သူတို့ရဲ့ ဦးစီးမှုအောက်မှာ လာနေကြပါဆိုတော့…၊ အဲဒါကြောင့်ပဲ မွန်မှာ စုစည်းမှုက အခုထိ မဖြစ်နိုင်တာတွေ မြင်ရတယ်။ တအာင်းခေါင်းဆောင်တွေက ဒီလိုနေရာမှာ ဘာလုပ်လို့ရသလဲ ဆိုတော့ မွန်အေဒီကို ပုံစံအမျိုးမျိုးနဲ့ ဖိအားပေးပြီး စုစည်းမှုအားနဲ့ စုပေါင်းခေါင်းဆောင် ဖြစ်လာအောင် လုပ်ပေးဖို့ လိုမယ်ထင်တယ်။ မွန်အေဒီဘက်က တအာင်းခေါင်းဆောင်ရဲ့ ဖိအားကို မကြိုက်ပေမဲ့ တအာင်းဘက်က တစ်စုံတစ်ရာ အကူညီတွေ လိုနေသေးတော့ မကြိုက်ရင်တောင် လက်ခံလာနိုင်တဲ့ အနေအထားရှိတယ်။

    မွန်ပြည်သစ်အေဒီ ဖြစ်ပေါ်လာခြင်းရဲ့ အားနည်းချက်/ အားသာချက်

    ဟိုတလောက စာရေးသူကိုယ်တိုင် မွန်ပြည်သစ် အန်စီအေဘက်က တာဝန်ခံတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ ကျနော်ကလည်း သတင်းထောက်လိုပဲ သူ့ကိုတိုက်ရိုက်မေးခွန်းမေးလိုက်တာက “မွန်ပြည်သစ် အေဒီကို ဘယ်လိုမြင်လဲ” လို့။

    “သူတို့အကြောင်း အများကြီးတော့ မပြောချင်ဘူး၊ သူတို့အလုပ် သူတို့လုပ်၊ ကျနော်တို့ကျတော့ ကိုယ့်အလုပ် ကိုယ်လုပ်တာပဲ။ ဒါပေမဲ့ မေးတဲ့မေးခွန်းနဲ့ ပတ်သက်ပြီး တစ်ဦးတစ်ယောက်ချင်း အမြင်နဲ့ ပြောရရင် မွန်ပြည်သစ်အေဒီ ဖြစ်ပေါ်လာပုံကို မကြိုက်တာ။ မိခင်အဖွဲ့အစည်းကနေ ခွဲထွက်မယ်ဆိုတဲ့သတင်းက ကျနော်သိပြီးသား။ ဒါပေမဲ့ ဘယ်လိုခွဲမယ် ဆိုတာကို ကျနော်စောင့်ကြည့်နေရင်းနဲ့ ကြေညာချက်ထုတ်ပြီး မွန်ပြည်သစ်အေဒီ ဖြစ်ပေါ်လာတာပဲ၊ အဲဒီလိုနဲ့ ပေါ်ထွက်လာတာ” တဲ့။

    ဆက်လက်ပြီး “ကျနော်ဆန္ဒနဲ့ ဆိုရင် ကိုယ့်မွန်ပြည်သူတွေကို ထုတ်မပြောခင် စစ်ကောင်စီတပ်ရင်း စခန်းတစ်ခုကို အင်နဲ့အားနဲ့ ဝင်တိုက်ပြီး နောက်တစ်နေ့ မနက်ကျမှ မွန်ပြည်သစ်အေဒီ ဖြစ်ပေါ်လာကြောင်း ဒီလို လူလုံးထွက်ပြရင် ကောင်းမယ်။ ကြေညာချက်နဲ့ ထွက်လာကတည်းက ကျနော် သဘောမကျဘူး” တဲ့။

    ပြီးတော့ သူ ဘာထပ်ပြောလဲ ဆိုတော့ “ထွက်လာကတည်းက ရန်သူကို တိုက်မယ်လို့ ပြောပြီး အခု မုဒုံမြို့ပေါ်ဆိုရင် ရန်သူကတော့ အေးအေးဆေးဆေးပဲ နေနေကြတာ။ တော်လှန်ရေးသမားလို့ ပြောရင် ရန်သူကို အငြိမ်းထားလို့ မရဘူးလေ” တဲ့။

    စာရေးသူကိုယ်တိုင် သတိထားမိတာက ဒီနှစ်ဆိုရင် မွန်ပြည်သစ်အေဒီနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်တဲ့နေရာက မုဒုံမြို့နယ် ယောင်းဒေါင်ကျေးရွာဘက်မှာပဲ ဖြစ်တာ များတယ်။ ဘာကြောင့်ဖြစ်တာလဲလို့ လေ့လာစုံစမ်းကြည့် တော့ အဲဒီဒေသမှာ ခနောက်စိမ်းထွက်နေတော့ မွန်ပြည်သစ်အေဒီဘက်က အခွန်ရရှိနေဖို့နဲ့ စီးပွားရေးတစ်ချို့ လုပ်နေတော့ စစ်ကောင်စီဘက်က မွန်ပြည်သစ်အေဒီရဲ့ ဝင်ငွေကို ဟန့်တားတဲ့အနေနဲ့ ခနနောက်စိမ်း သယ်တဲ့ ကုန်တင်ကားတွေ စောင့်ဖမ်းတော့ ကြိုသတင်းရထားတဲ့ မွန်ပြည်သစ်အေဒီဘက်က သွားဝင်ပစ်တော့ တိုက်ပွဲက မကြာခဏဆိုသလို တိုက်ပွဲ ဖြစ်နေတာသာ ဖြစ်တယ်။

    ကျန်အခြားမွန်ဒေသဆိုရင် မွန်ပြည်သစ်အနေနဲ့ စစ်ရေးဖော်ဆောင်နေတာ မရှိသလို မွန်ပြည်သစ်အေဒီအနေနဲ့ သူတို့ ထိန်းချုပ်ထားတဲ့ ဒေသကို အခြားလက်နက်ကိုင်အဖွဲ့များ ဝင်ရောက်မလာအောင် တားဆီးတဲ့အနေနဲ့ နယ်မြေတွေကို ထိန်းထားတဲ့သဘော ဖြစ်တယ် လို့ စာရေးသူအနေနဲ့ မြင်တယ်။

    အခြားလက်နက်ကိုင်အဖွဲ့တွေ အဲဒီဒေသတွေ ဝင်ရောက်မရတော့ ဒေသတွေမှာ တိုက်ပွဲမဖြစ်သလို နယ်ခံတွေ အနေနဲ့လည်း စစ်ရှောင်ရတာ မရှိသလောက် ဖြစ်လာတယ်။ ဒါကတော့ မွန်ပြည်သစ်အေဒီ ဖြစ်ပေါ်လာပြီး နောက်ပိုင်း နယ်ခံတွေအတွက် လုံခြုံမှုဖြစ်လာတဲ့ အရာတွေပါ။

    အဲဒါဆိုရင် ထွက်လာကတည်းက ရန်သူကို တိုက်မယ်လို့ ကြွေးကြော်လာတဲ့ မွန်ပြည်သစ်အေဒီသည် အခု ဘာတွေလုပ်နေသလဲလို့ မေးရင် တပ်သားသစ်စုပြီး သင်တန်းပေးနေသလို မွမ်းမံသင်တန်းတွေလည်း ပြန်ပေးနေတာ မြင်ရတယ်။ ဆိုလိုတာက MLA က မွန်အေဒီနဲ့ လာပေါင်းပြီးရင်တောင် ဒေသမှာ စစ်အရှိန်က အခုထိ တိုက်ပွဲက မမြင်ရသလောက်ပါပဲ။ မွန်အေဒီအနေနဲ့ အင်အားတွေပဲ စုစည်းပြသ,နေတာ မြင်ရတယ်။ အဲဒါပဲ တစ်ချို့ ဝေဖန်သူတွေအနေနဲ့ ဘာတွေပြောနေလဲလို့ဆိုရင် ‘ဒီလူတွေက ရန်သူကို တကယ်တိုက်မှာလား၊ လူပြောစရာတွေ အများကြီးတော့ ဖြစ်နေပြီ’ ဆိုတဲ့ အကြောင်းပါ။

    ဒီလောက်ပဲ တင်ပြလိုက်ပါတယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,400SubscribersSubscribe
    spot_img

    Latest posts