စစ်ကော်မရှင်မှ ပြည်တွင်းတွင် လူငယ်အင်အားများ ကျန်ရှိနေသေးကြောင်း ပြသလိုသည့်အပြင် ရွေးကောက်ပွဲအတွက် အကူအညီတစ်စုံတစ်ရာရယူရန် လူငယ်ဖိုရမ်တစ်ခု ကျင်းပပြုလုပ်ခဲ့ကြောင်း ပြည်တွင်းရှိ မွန်လူငယ်အချို့က ဆိုသည်။
"မြန်မာ့အနာဂတ် မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ် ၂၀၂၅"ဟူ၍ အမည်ပေးထားသည့် လူငယ်ဖိုရမ်တစ်ခုကို စစ်ကော်မရှင်မှ ပြီးခဲ့သည့် သြဂုတ် ၃၀ ရက်နေ့မှ စက်တင်ဘာ ၁ ရက်နေ့အထိ ရန်ကုန်မြို့တွင် ပြုလုပ်ကျင်းပခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကိုယ်စားပြုသည့် လူငယ်များကို ပါဝင်တက်ရောက်စေခဲ့သည်။
၄ နှစ်ကျော်ကာလအတွင်း ဖြစ်ပေါ်နေသည့်နိုင်ငံရေးပဋိပက္ခများကြောင့် လူငယ်အများစုသည် ပြည်ပထွက်ခွာခြင်း၊ လက်နက်ကိုင်တော်လှန်ရေး လမ်းကြောင်းပေါ်ရောက်ရှိနေချိန် ပြည်တွင်းတွင် အနည်းငယ်ကျန်ရှိနေသည့် လူငယ်အင်အားကိုစုစည်းပြသလိုသည့်အတွက် လူငယ်အားလုံးကို ကိုယ်စားမပြုသည့် ဖိုရမ်ကို ပြုလုပ်ခြင်းဖြစ်သည်ဟု မွန်လူငယ်အမျိုးသမီးတစ်ဦးက ဆိုသည်။

“ ဖိုရမ်ရည်ရွယ်ချက်ကတော့ သီးခြားဘာလဲဆိုတာမပြောနိုင်ဘူး၊ ဒါမဲ့သူတို့က လူငယ်အင်အားကို ပြသချင်တဲ့အတွက်လုပ်ဆောင်တယ်။ နေရာဒေသမလုံခြုံမှု နဲ့စစ်မှူးထမ်းဥပဒေကြောင့် ပြည်တွင်းမှာကျန်နေတဲ့ လူငယ်အင်အားကလျော့သွားတယ်။ ဒါမဲ့စစ်တပ်ကနေ ရွေးကောက်ပွဲလုပ်တဲ့အခါ လူငယ်တွေရဲ့အင်အားမရှိတာကို နိုင်ငံတကာရော၊ ဒီပြည်တွင်းကလူတွေကိုရော မပြသချင်ဘူး စုစည်းနိုင်သလောက် သူတို့အင်အားကိုစုစည်းပြီးသူတို့ရဲ့အုပ်ချုပ်မှု ဘယ်လောက် အထိလုပ်ပိုင်ခွင့် ရနေသေးလဲ၊ ကဏ္ဍအစုံကထောက်ခံနေကြောင်းဆိုတာကို ပြချင်တာပေါ့နော်” ဟု ပြောသည်။
ဖိုရမ်အတွင်း လူငယ်များအတွက် ပညာရေးအပြင် ရွေးကောက်ပွဲနှင့် ပတ်သတ်သည့် အကြောင်းအရာများနှင့် လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးရေးတို့ကို တက်ရောက်လာသည့် လူငယ် ၃၅၆ ဦးက ဆွေးနွေးခြင်းလုပ်ဆောင်ခဲ့ကြောင်း စစ်ကော်မရှင်သတင်းအချက်အလက်များအရ သိရသည်။
စစ်ကော်မရှင်ကပြုလုပ်မည့် ရွေးကောက်ပွဲသည့် ရှုပ်ထွေးပြီး ၎င်းတို့ကိုယ်တိုင် မလွှမ်းခြုံနိုင်သဖြင့် ဖိုရမ်မှဗျူဟာများကို အခြေခံ၍ အရပ်ဖက်အဖွဲ့အစည်းအတွင်းရှိ လူငယ်များထံ အကူအညီတစ်စုံတစ်ရာ ရရှိရန် အသုံးချလာနိုင်ကြောင်း မွန်လူငယ်တစ်ဦးက ဆိုသည်။
"သူတို့ရဲ့ ရွေးကောက်ပွဲက ရှုပ်ထွေးနေတယ်လေ၊ ပြည်သူတွေနဲ့ အနီးဆုံးရှိနေတာက စကမထံ တရားဝင်မှတ်ပုံတင်ထားတဲ့ အရပ်ဖက်အဖွဲ့အစည်းက လူငယ်တွေပဲဆိုတော့ သူတို့က သုံးလာနိုင်တယ်။ အရင် ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေမှာလည်း ဒီလူငယ်တွေကပဲ ဦးဆောင်ထားတယ်ဆိုတော့၊ ဒီဗျူဟာအတိုင်းကို သုံးလာနိုင်တယ်"ဟု သူက ဆိုသည်။
ရွေးကောက်ပွဲမကျင်းပမှီ ကာလတစ်လျှောက် စစ်ကော်မရှင်မှ မက်လုံးပေး၊ မျှော်လင့်ချက်ပေး၍ ဖိတ်ခေါ်ကမ်းလှမ်းနေခြင်းကို ပြည်တွင်းရှိ မွန်လူငယ်များတတ်နိုင်သမျှ ရှောင်ရှားပြီး ရွေးကောက်ပွဲကို ထောက်ခံခြင်း၊ အားပေးအားမြှောက်ခြင်း မပြုမိရန် လိုအပ်ကြောင်းလည်း အထက်ပါ မွန်လူငယ်က တိုက်တွန်းသည်။
အဆိုပါ လူငယ်ဖိုရမ်ကို မွန်ပြည်နယ်အတွင်း စစ်ကော်မရှင်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ၊ အပစ်ရပ်ထားသည့် မွန်ပြည်သစ်ပါတီအပြင်၊ စစ်ကော်မရှင်ထံ တရားဝင်မှတ်ပုံတင်ထားသည့် မွန်အရပ်ဖက်အဖွဲ့အစည်းမှ လူငယ်များ တက်ရောက်ရန် ဖိအားပေးခံရခြင်းတို့ ရှိနေကြောင်းလည်း သိရသည်။