Friday, March 13, 2026
More
    spot_img
    Homeသတင်းNCA နှစ်ပတ်လည်နေ့ စည်းကားစွာ ကျင်းပမည်ဟု ပြော

    NCA နှစ်ပတ်လည်နေ့ စည်းကားစွာ ကျင်းပမည်ဟု ပြော

    -

    တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို စည်းကားစွာ ကျင်းပသွားမည်ဟု သက်ဆိုင်ရာ အဖွဲ့အစည်းများထံက သိရသည်။

    ဦးသိန်းစိန် အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြင့် သဘောတူ လက်မှတ်ရေးထိုးခဲ့သော NCA သည် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ၁၀ နှစ်ပြည့်မည် ဖြစ်သည်။

    လက်ရှိ NCA အပေါ် အမြင်အမျိုးမျိုးရှိနေသည့် ကာလဖြစ်ကြောင်း၊ နှစ်ပတ်လည်နေ့ကို နိုင်ငံရေး အနှစ်သာရရှိရှိ လုပ်ရန် ရှိကြောင်း 7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က IMNA ကို ပြောသည်။

    “ကျနော်တို့ NCA နှစ်ပတ်လည်နေ့လို့တော့ ကျနော်တို့ ခေါ်တာပေါ့လေ၊ ကျနော်တို့ နားလည်ရသလောက်ကတော့ ဒီအချိန်မှာ NCA အပေါ်မှာ အမြင်တွေ အမျိုးမျိုး ရှိနေတဲ့ အခြေအနေဖြစ်တယ်ဆိုတာလည်း နားလည်တယ်။ ဒါပေမဲ့ ကျနော်တို့ တွေ့ရတာကတော့ပေါ့လေ NCA ကို လက်မှတ်ရေးထိုးခဲ့တာ ၁၀ နှစ်ပြည့်ခဲ့ပြီဆိုတဲ့ အခမ်းအနားပေါ့၊ NCA လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့်အခမ်းအနားပေါ့၊ အဲဒါကို စည်းစည်းကားကား လုပ်ဖို့ ကြားသိရတာ ရှိတယ်။ နောက်ပြီးတော့ နိုင်ငံရေး အဓိပ္ပာယ်ရှိရှိ နိုင်ငံရေး အနှစ်သာရရှိရှိ လုပ်ဖို့ အဲဒီလိုမျိုး ပြောသံဆိုသံ ကြားရတယ်ဆိုတာကတော့ မှန်ပါတယ်ခင်ဗျ” ဟု ၎င်းက ပြောသည်။

    NCA စာချုပ်ကို ၂၀၁၅ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်/ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် ၂၀၁၈ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ လက်မှတ်ထိုးခဲ့သည်။

    သို့သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကြောင့် KNU၊ ABSDF နှင့် CNF တို့က NCA တွင် ပါဝင်မှုအဆင့် လျော့ချလိုက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ တက်ရောက်ခြင်း မရှိတော့ပေ။

    စစ်အုပ်စုက နိုင်ငံတော်အာဏာသိမ်းပြီးကတည်းက NCA လုပ်ငန်းစဉ်များမှာ ရပ်တန့်သွားပြီဖြစ်ကြောင်း ABSDF မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်အေးလွင်က IMNA ကို ပြောသည်။

    “NCA နဲ့ ပတ်သက်လို့ ကျနော်တို့ ABSDF က အကြမ်းဖက် စစ်အုပ်စုကပေါ့နော် ၂၀၂၁ ဖေဖော်ဝါရီလမှာ အာဏာသိမ်းပြီးကတည်းက NCA က တစ်ခန်းရပ်သွားပြီ။ NCA နဲ့ လက်ရှိ ရှိနေတဲ့ နိုင်ငံရေး အခင်းအကျင်းကို ဖြေရှင်းဖို့ အခြေအနေ မပေးတော့ဘူးပေါ့နော်၊ အဲဒီလိုမျိုး ကျနော်တို့ ပြောထားတာ ရှိပါတယ်” ဟု ပြောသည်။

    လက်ရှိတွင် KNU၊ ABSDF အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့၊ တော်လှန်ရေး အင်အားစုများဖြင့် ပူးပေါင်း၍ စစ်ကော်မရှင်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

    KNU မှ ပြောရေးဆိုခွင့် ရှိသူ ပဒိုစောတောနီးက “ဘာမှပြောစရာမှ မရှိဘူး။ NCA ဆိုတာ သူတို့ အာဏာသိမ်းကတည်းက ချိုးဖောက်ပြီးသား ဆိုတော့ ဘာမှ ခေါင်းထဲထည့်စရာမှ မလိုတာ ကျနော်တို့ တောက်လျှောက်ပဲ ပြောနေတာ” ဟု ပြောသည်။

    တစ်ဖက်တွင်လည်း NCA လက်မှတ်ရေးထိုးထားသည့် KNU ကို အကြမ်းဖက်အုပ်စု၊ မတရားအသင်း စသဖြင့် စစ်ကော်မရှင်က ဩဂုတ် ၂၈ ရက်မှာ ကြေညာခဲ့သည်။

    NCA စာချုပ်ကို အတူတကွ လက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည် စစ်အာဏာသိမ်းမှုနောက်ပိုင်း အမြင်မတူမှုများ ရှိခဲ့သလို တစ်ဖွဲ့ချင်းကြားတွင်လည်း အမြင်မတူမှု၊ သဘောထားကွဲလွဲမှုများ ရှိနေကြောင်း နိုင်ငံရေး သုံးသပ်သူများက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks