Thursday, March 12, 2026
More
    spot_img
    Homeသတင်းအကြောင်းအမျိုးမျိုးကြောင့် မတိမ်းရှောင်နိုင်သည့် ရေဖြူဒေသခံများကို စစ်ကော်မရှင်အဖွဲ့မှ ဖမ်းဆီးထိန်းသိမ်း

    အကြောင်းအမျိုးမျိုးကြောင့် မတိမ်းရှောင်နိုင်သည့် ရေဖြူဒေသခံများကို စစ်ကော်မရှင်အဖွဲ့မှ ဖမ်းဆီးထိန်းသိမ်း

    -

    ရေဖြူမြို့နယ်တွင် နှစ်ပတ်အကြာတိုက်ပွဲပြင်းထန်နေသည့် ကာလအတွင်း မတိမ်းရှောင်နိုင်သည့် ဒေသခံများကို ကျေးရွာအတွင်း ဝင်ရောက်စီးနင်းထားသည့် စစ်ကော်မရှင်တပ်သားများက ဖမ်းဆီးမှုလုပ်ဆောင်နေကြောင်း သိရသည်။

    သာယာမွန်ရွာတွင် ဝင်ရောက်စီးနင်းထားသည့် စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့်သြဂုတ် ၂၈ ရက်နေ့က ရွာသား(၁၀) ဦးထက်မနည်းကို  ဘုန်းကြီးကျောင်းတစ်ခုအတွင်း ထိန်းသိမ်းထားပြီး သြဂုတ် ၂၉ ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့သည်ဟု ရေဖြူမှ ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်လာသူတစ်ဦး ဆိုသည်။

    "သာယာမွန်ရွာသားအချို့ကို ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းမှာ စစ်ကောင်စီဘက်က ထိန်းသိမ်းထားတာရှိတယ်။ အဲဒါကို ဘယ်သတင်းမှာမှ ဖော်ပြတာမတွေ့ရဘူး၊ ခန့်မှန်းပေါ့နော် ပျောက်နေတဲ့မိသားစုတွေအရဆိုရင် ၈ ယောက် ၉ ယောက် လောက်ရှိမယ်။ ယောကျားလေးရော မိန်းကလေးရောပါတယ်"ဟု ပြောသည်။

    ထို့အပြင် မတိမ်းရှောင်နိုင်သည့် သာယာမွန်ရွာမှ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးကိုလည်း စစ်ကော်မရှင်အဖွဲ့မှ သတ်ဖြတ်ထားကြောင်း အထက်ပါစစ်ဘေးရှောင်မှ ပြောဆိုထားပြီး IMNA မှ ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

    ယခုရက်ပိုင်းတွင် ရေဖြူဒေသအတွင်း တိုက်ပွဲအခြေအနေအနည်းငယ် ငြိမ်သက်သော်လည်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ၊ ရွာအတွင်းကျန်ရှိနေသည့် ဒေသခံများကို  စစ်ဆေးရိုက်နှက်မှုများလုပ်ဆောင်နေကြောင်းလည်း မြေပြင်ရောက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

    "ပြည်သူတွေ ပြောပြတာက လွန်ခဲ့တဲ့နှစ်ရက်ကပေါ့လေ စစ်ကောင်စီအဖွဲ့တွေက တောထဲကနေထွက်လာပြီးတော့ သူတို့ကိုမေးတယ်ပေါ့။ မင်းတို့ တော်လှန်ရေးသမားတွေကို တွေ့ခဲ့လားပေါ့။ သူတို့ကလည်း မတွေ့လို့ မတွေ့ကြောင်းပြောတယ်ပေါ့၊ အဲတာကို ဒါလေးတောင်မသိဘူးလားဆိုပြီးတော့ သူတို့ကို ရိုက်နှက်ထားတာတွေလည်းရှိ ဒီရက်ပိုင်းအတွင်းမှာပဲ"ဟု သူက ပြောသည်။

    တိုက်ပွဲရက် ရှည်ကြာလာခြင်းကြောင့် စစ်ဘေးရှောင်သူတိုးလာသည့်အပြင် ဖုန်းလိုင်းရရှိရန်အခက်အခဲကြောင့် ထွက်ပြေးတိမ်းရှောင်နေသူများ ကျေးရွာအတွင်း ကျန်ရှိနေသည့် မိသားစုများနှင့် အဆက်အသွယ်ပြတ်တောက်နေကြကြောင်း စစ်ဘေးရှောင်နေသူများက ပြောသည်။

    မလွှဲတောင်- ကလိန်အောင် လမ်းပိုင်းတစ်လျှောက် တိုက်ပွဲများကြောင့်  ကျေးရွာ ၁၀ ရွာမှ  ထွက်ပြေးတိမ်းရှောင်နေရသည့် လူဦးရေ ၅၀၀၀ နီးပါးခန့်ရှိပြီး ကော့လှိုင်၊ မိုင် ၆၀၊ သာယာမွန်၊ ရာဖူး၊ ဘုရားသုံးဆူ စသည့်ရွာမှ ဒေသခံများ ရွာလုံးကျွတ်တိမ်းရှောင်ရသည့် အခြေအနေတွင် ရှိနေသည်။

    ပြီးခဲ့သည့် သြဂုတ် ၂၅ ရက်နေ့က လုံခြုံရေးအခြေအနေကြောင့် တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ပိတ်ထားသည့် မလွှဲတောင်-ကလိန်အောင်လမ်းပိုင်းကို  စစ်ဘေးရှောင်များသာ ဖြတ်သန်းခွင့်ပြုထားပြီး ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များ အဆိုပါလမ်းပိုင်းတွင် ၅ ရက်ကျော် ပိတ်ဆို့နေဆဲဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks