spot_img
Thursday, September 18, 2025
More
    spot_img
    Homeသတင်းတော်လှန်ရေး ဝင်ငွေလမ်းကြောင်းများကို ဖြတ်တောက်ရန် ကြိုးပမ်းနေသည့် စစ်ဗျူဟာ

    တော်လှန်ရေး ဝင်ငွေလမ်းကြောင်းများကို ဖြတ်တောက်ရန် ကြိုးပမ်းနေသည့် စစ်ဗျူဟာ

    -

    စစ်အနိုင်တိုက်ရေးကို ဦးစားပေးနေရာကနေ စစ်တပ်က ဩဂုတ်လအတွင်း တော်လှန်ရေးအသက်ဆက်ရန် အဓိကလိုအပ်သည့် ဝင်ငွေလမ်းကြောင်း ဖြတ်တောက်ရေး ဗျူဟာဘက်ကို အာရုံစိုက်လာသည်ဟု စောင့်ကြည်နေသူတို့က ဆိုသည်။

    ဩဂုတ်လအတွင်းမှာပင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီက ကုန်ပစ္စည်း တင်ပို့နေသည့် အမှတ် ၂ ချစ်ကြည်ရေးတံတားကို ပိတ်လိုက်သည်။

    အဆိုပါလမ်းကြောင်းသည် ထိုင်းနိုင်ငံဘက်ခြမ်းမှ ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအတွင်း ဝင်သည့် လမ်းကြောင်းတလျှောက် ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA၊ အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ KNLA-PC၊ ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတပ်မတော် DKBA နှင့် ကရင်နယ်ခြားစောင့်တပ် BGF တို့၏ အခွန်ကောက်ဂိတ်များ ရှိသည်။

    ခရီးသွား ဒေသခံတစ်ဦးက “ဂိတ်က ၅၀ လောက်ကိုရှိတယ်။ တစ်ဂိတ်နဲ့ တစ်ဂိတ် မတူဘူး တချို့ဂိတ်တွေဆို တစ်ထောင်ကစပြီး ငါးထောင် တစ်သောင်း အဲ့လို တောင်းကြတယ်။ ဒါက ခရီးသွားကားမလို့။ ဂိတ်တွေကလည်း ဒီဂိတ်က လှမ်းကြည့်ရင်တောင် ဟိုဘက်ဂိတ်ကို မြင်နေရတယ် အဲ့လောက်ကို ပေါတာ။” ဟု ပြောသည်။  

    အမှတ် ၂ တံတားကို ဖြတ်ကျော်လာသည့် ကုန်တင်ကားများသည် မြဝတီတွင် စစ်တပ်ကို တရားဝင် ကုန်သွယ်ခွန်ပေးရသလို လမ်းတလျှောက်က လက်နက်ကိုင်ဂိတ်များကိုပါ ပေးရသည်။ ၎င်းကို စစ်တပ်က သိတဲ့အတွက် တချို့ ကုန်တင်ကားများကို ဘားအံတွင် ဖမ်းဆီးစစ်ဆေးတာမျိုးအထိ လုပ်နေသလို လက်ရှိမှာတော့ ကုန်းကြောင်းကနေ ကုန်သွယ်ခွင့် ပိတ်လိုက်သည်။

    ၎င်းပြင် လက်နက်ကိုင်တော်လှန်ရေးတပ်များ၏ အဓိက ဝင်ငွေရရှိနေသည့် လုပ်ငန်းခွင်များကို တိုက်ခိုက်ပြီး လူမနေနိုင်အောင် လုပ်တာမျိုးကိုလည်း စစ်တပ်က လုပ်ဆောင်လာသည်။

    ပတ္တမြားနယ်မြေဖြစ်သည့် မိုးကုတ်မြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထိန်းချုပ်ထားပြီး လုပ်ငန်းရှင်တချို့ကို လုပ်ကိုင်ခွင့် ချပေးထားသည့်ဆီကနေ ဝင်ငွေရနေသည်။

    ဩဂုတ်လအတွင်း၌ စစ်တပ်က မိုးကုတ်မြို့ကို ၃ ရက်ခြားတစ်ခါ နီးပါးခန့် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး လူပေါင်း ၅၀ နီးပါးခန့် သေဆုံးခဲ့ရသည်။

    မိုးကုတ်ကဲ့သို့ ခဲသတ္တုထွက်ရှိတဲ့ ကရင်နီပြည်နယ် မော်ချီးသတ္တုတွင်းကို ဆက်တိုက်ဗုံးကြဲခဲ့ပြီး လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ရသည်။ အဆိုပါခဲတွင်းမှ ရသည့်အခွန်များကို ကရင်နီတော်လှန်ရေးတပ်တို့၏ အဓိက ဝင်ငွေလမ်းကြောင်းများ ဖြစ်သည်။

    “ခဲတွင်း ဗုံးကြဲတာကတော့ ကရင်နီတော်လှန်ရေးတပ်တွေ စစ်အသုံးစရိတ်ရနေတဲ့ ပုံစံမျိုးဖြစ်နေလို့ပိတ်တာပေါ့။ ထိုနည်းတူစွာပဲ မိုးကုတ်ကလည်း ဒီကနေသူတို့က တော်လှန်ရေးတပ်တွေတော်တော်များများဆီကို ဖြန့်ခွဲပြီး စီးဆင်းနေတာဖြစ်တဲ့အတွက် ချုံပြောမယ်ဆိုရင် တော်လှန်ရေးရဲ့ငွေဝင်ပေါက်ကို ပိတ်တာပေါ့ဗျာ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ထောက်ပြသည်။

    ယခုလို ပိတ်ဆို့မှုများကို စစ်တပ်က ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း လုပ်ဆောင်နေသည်။

    စစ်တပ်မထိန်းချုပ်နိုင်တော့သည့် နယ်စပ်ဂိတ်များက ကုန်သွယ်မှုများ ရပ်တန့်နေသော်လည်း စစ်တပ်ထိန်းချုပ်ထားနိုင်သည့် ဂိတ်များ ဆက်ဖွင့်ထားဆဲဖြစ်သည်။

    အဆိုပါဂိတ်များမှ စစ်တပ်လည်း အခွန်ရနေသော်လည်း တော်လှန်ရေးနယ်မြေများကို ဖြတ်လာရသည့်အတွက် လမ်းတွင် အခွန်ပေးရတာမျိုးကို စစ်တပ်က ဖြတ်တောက်ရန် ကြိုးစားနေခြင်းဖြစ်သည်။ ထိုကြောင့် စစ်တပ်က ရေကြောင်းကုန်သွယ်ရေးကို စဉ်းစားလာသည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူတို့က ဆိုသည်။

    “ထိုင်းရော၊ တရုတ်ရော အဲဒီဂိတ်တွေကို အကုန်လုံးကို လုပ်နေတာအခုက။ ထိုင်းကနေဆို Air Cargo ပါ ပိတ်လိုက်တယ်။ ဒါပေမယ့် တော်လှန်ရေးတပ်တွေ အခွန်ကောက်မရတဲ့ ရေကြောင်းကုန်သွယ်ရေးကို ဖော်ဆောင်နေတယ်။ တရုတ် မူဆယ်ဂိတ်ကဝင်တာမျိုးဆိုရင်လည်း သူတို့ အခွန်ရတယ်။ ဒါပေမယ့် သူ့ကို ကျော်လာရင် TNLA၊ MNDAA ဂိတ်တွေရော ရှိနေပြီးသားဆိုတော့ ဒါကို စစ်တပ်က မနှစ်သက်တော့ အောက်မှာ ဖမ်းတယ်။ အဲဒီတော့ ဘယ်သူမှ မသယ်ရဲတော့ဘူးလေ။” ဟု နိုင်ငံရေး လေ့လာစောင့်ကြည့်သူ တစ်ဦးက ပြောသည်။

    ဂိတ်များမှ တော်လှန်ရေးလက်နက်ကိုင်များဆီ ဝင်ငွေ ဘယ်လောက်စီးဆင်းနေလဲဆိုသည့် ကိန်းဂဏန်းအတိအကျကိုတော့ မရှိပေ။ လက်ရှိ မြန်မာစစ်တပ်၏ နည်းဗျူဟာများအတွက် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ဦးစီးလုပ်ကိုင်နေခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,900SubscribersSubscribe
    spot_img

    Latest posts