ရေဖြူမြို့နယ်၊ ကလိန်အောင်နှင့် မလွှဲတောင်ကြားက အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းရှိ နေရာအများအပြားကို စစ်ကော်မရှင်တပ်က ယခုရက်ပိုင်းအတွင်း လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုအပါအဝင် ကြည်တပ်အင်အားတို့ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် တိုက်ပွဲများ ပြင်းထန်လျှက်ရှိသည်။
ရေးမြို့အခြေစိုက် အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ ၁၉ လက်အောက်ခံတပ် များဖြစ်သည့် ခလရ-၄၀၈၊ ၄၀၉၊ ၄၁၀နှင့် ကံပေါက်အခြေစိုက် ခလရ-၂၇၃၊ ရေဖြူမြို့နယ် ကော့လှိုင်ရွာအနီးရှိ ခလရ-၂၈၂ တပ်ရင်းအသီးသီးမှ စုပေါင်းအင်အားဖြင့် စစ်ကြောင်း ၄ ကြောင်း ခွဲကာ ကလိန်အောင်နှင့် မလွှဲတောင်လမ်းပိုင်းရှိ ကျေးရွာများဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည်။
အဆိုပါ စစ်ကြောင်းများကို ဒေသတွင်းအခြေစိုက် မွန်၊ ကရင်၊ ထားဝယ်နှင့် ဒေါနစစ်ကြောင်းတို့က ချေမှုန်းတိုက်ခိုက်နေသည့်အတွက် တိုက်ပွဲများပြင်းထန်လာနေခြင်း ဖြစ်သည်။

“စစ်ကော်မရှင်က သူတို့စစ်ဆင်ရေးလုပ်သွားမဲ့ မြို့နယ် ၆၃ ခုမှာ ရေဖြူကတော့ မပါဘူး။ ဒါက သူတို့ရဲ့ စစ်ရေးဗျူဟာလည်း ပြောလို့ရတယ်။ သူတို့ထုတ်ပြန်တာက သက်သက်၊ သူတို့စစ်ဆင်ရေးလုပ်တာက သက်သက်ပါ။ ငါတို့နယ်မြေမှာ စစ်ဆင်ရေးလာလုပ်မှာ မဟုတ်တော့ဘူးလို့ တော်လှန်ရေးအဖွဲ့က မေ့မျော်နေတယ်အထင်နဲ့ မထင်မှတ်ဘဲ စစ်ကြောင်းတွေ ကမန်ကတန် ထိုးဝင်လာတာ ဖြစ်တယ်” ဟု ရေဖြူတိုက်ပွဲတွင် ပါဝင်သည့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
စစ်ကော်မရှင်စစ်ကြောင်းများ ထိုးဖောက်ဝင်ရောက်လာသည့်အတွက် ရေဖြူမြို့နယ်၌ ယခုသြဂုတ်လအတွင်း တိုက်ပွဲပေါင်း ၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး တစ်ရက်ကို အနည်းဆုံး ၄ နေရာခန့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ဆိုသည်။
ရေး – ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးရှိ ၈၀ ရာခိုင်နှုန်းခန့်ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းမှစ၍ ဒေသတွင်းအခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်တို့က ဝင်ရောက် ထိန်းချုပ်ခဲ့ကြသည်။
ထိုကြောင့် တော်လှန်ရေးထိန်းချုပ်မှုအားကောင်းခဲ့သည့် ကော့ကရိတ်-ကျုံးဒိုးလမ်းပိုင်းနည်းတူ အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ်ရှိ ကလိန်အောင်-မလွှဲတောင်လမ်းပိုင်းကိုလည်း ပြန်လည်စိုးမိုးနိုင်ရေးနှင့် ဒေသတွင်းရှိ စစ်ကော်မရှင်၏ စီးပွားရေးလုပ်ငန်းများကို ကာကွယ်နိုင်ရေးအတွက် တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။
“ဒီနယ်မြေက တော်လှန်အင်အားစုတွေ အပြည့်အဝနီးပါး ထိန်းချုပ်ထားတယ်။ ဒါကြောင့် ပြန်လည်ထိန်းချုပ်နိုင်ဖို့ အင်အားသုံးပြီး တိုက်ခိုက်လာနေတာ ဖြစ်တယ်။ နောက်တစ်ချက်က သူတို့ရဲ့ စီးပွားရေးကို ကာကွယ်ဖို့ပါ။ ထီးခီးနယ်စပ်ကို ကာကွယ်ဖို့ရယ်၊ ကံပေါက်ဒေသထွက် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို လုံခြုံရေးပေးဖို့ရယ်၊ ထားဝယ်ရေနက်ဆိပ်ကမ်းအနီးမှာ တော်လှန်ရေးအင်အားစုတွေ နေရာမယူနိုင်ရေးလည်း ပါတယ်” ဟု တိုက်ပွဲဖော်ဆောင်နေသည့် မွန်၊ ကရင်၊ ထားဝယ်ပူးပေါင်းတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တော်လှန်ရေးအင်အားစုတို့က ရှောင်တခင်စစ်ဆေးမှုများ မကြာခဏ လုပ်ဆောင်လေ့ရှိကြပြီး မြို့အဝင် အထွက်နေရာအနီးများတွင်လည်း ဂိတ်ဖွင့်စစ်ဆေးမှုများ လုပ်ဆောင်လာခဲ့ကြသည်။
အဆိုပါအခြေအနေများကြောင့် ပြည်ထောင်စုလမ်းမပေါ်တွင် စစ်ကော်မရှင်တပ်အနေဖြင့် စိတ်တိုင်းကျ သွားလာဖြတ်သန်း၍ မရသည့်အခြေအနေ ကြုံတွေ့နေရပြီး တနင်္သာရီတိုင်းဒေသအတွင်းသို့ စစ်အင်အား ဖြည့်တင်းရာတွင်လည်း ရေကြောင်းဖြင့်သာ အဓိက အသုံးပြုနေရသည့်အတွက် အခက်အခဲများ ကြုံတွေ့နေခဲ့သည်။
တစ်ဖက်တွင်လည်း ရေဖြူဒေသတွင် ရွေးကောက်ပွဲဆက်လက်ကျင်းပနိုင်ရေးနှင့် တနင်္သာရီဒေသမှ ရွေးကောက်ပွဲကျင်းပရာတွင် လုံခြုံရေးပေးနိုင်ရေးအတွက် နယ်မြေရှင်းလင်းမှု လုပ်ဆောင်လာခြင်းဖြစ်သည်ဟုလည်း တိုက်ပွဲဖော်ဆောင်နေသည့် ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ခွဲ-၄ စစ်ကြောင်းမှူး ကိုအောင်ပန်းက ပြောသည်။
“အခုက ကလိန်အောင်နဲ့ မလွှဲတောင်ကြားမှာ စစ်ပွဲက တောက်လျောက်ဖြစ်နေဆဲပဲ။ ကျနော်တို့လည်း ဒီလမ်းပိုင်းကို ထိန်းထားတာ ကြာပြီ။ ဒါပေမဲ့ သူတို့ရွေးကောက်ပွဲရှိလာပြီဆိုတော့လေ၊ ဒီဘက်ကို ပြန်ပြီး စိုးမိုးနိုင်အောင် ကြိုးစားနေတာပေါ့လေ” ဟု ကိုအောင်ပန်းက ပြောသည်။
စစ်ကော်မရှင်အနေဖြင့် အတုအယောင်ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပရေးအတွက် ကလိန်အောင်နှင့် မလွှဲတောင်လမ်းပိုင်းအပြင် အမှတ် ၈ ပြည်ထောင်စုလမ်းတစ်လျှောက် အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်သလို ၎င်းတို့၏ စီးပွားရေးများကို ကာကွယ်ရန်အတွက် နယ်မြေရှင်းလင်းမှုများလည်း ပိုမိုလုပ်ဆောင်လာမည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။