Tuesday, March 10, 2026
More
    spot_img
    Homeသတင်း“ကဂျိကိ” တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင်း မွန်နှင့်ကရင်ပြည်နယ်တွင် ရွာရန်ရာနှုန်းပြည့် မိုးကြီးနိုင်ဟု မိုးဇလထုတ်ပြန်

    “ကဂျိကိ” တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင်း မွန်နှင့်ကရင်ပြည်နယ်တွင် ရွာရန်ရာနှုန်းပြည့် မိုးကြီးနိုင်ဟု မိုးဇလထုတ်ပြန်

    -

    တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း "ကဂျိကိ(Kajiki)”၏ အကြွင်းအကျန်တိမ်တိုက်များသည် မြန်မာနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ရန်ရှိသဖြင့် မွန်နှင့်ကရင်ပြည်နယ်တွင် ရွာရန်ရာနှုန်းပြည့်မိုးကြီးနိုင်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

    ယနေ့ သြဂုတ်လ ၂၅ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၀၉:၃၀ နာရီ တိုင်းထွာချက်များအရ တိုင်ဖွန်းမုန်တိုင်း “ကဂျိကိ”သည် အနောက်–အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး၊ နောက် ၁၂ နာရီအတွင်း ဗီယက်နမ်နိုင်ငံ အထက်ပိုင်းတွင်လည်းကောင်း၊ နောက် ၂၄ နာရီအတွင်း လာအိုနိုင်ငံ အထက်ပိုင်းသို့လည်းကောင်း ဖြတ်ကျော်မည်ဟု မိုးဇလက ခန့်မှန်းထားသည်။

    အဆိုပါတိုင်ဖွန်း၏ အကြွင်းအကျန်သက်ရောက်မှုများကြောင့် နောက် ၂ ရက်အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးအပါအဝင် မွန်နှင့်ကရင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးမည်ဟု ဖော်ပြထားသည်။

    လက်ရှိတွင် မွန်ပြည်နယ်အတွင်း မိုးထစ်ချုန်းရွာသွန်းနေဆဲဖြစ်ပြီး၊ မြစ်ရေ စိုးရိမ်ရသည့်အခြေအနေအထိ မဖြစ်သေးသော်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ဘီးလင်းမြို့ခံတစ်ဦးက ပြောသည်။

    “မိုးလေဝသအခြေအနေတွေကြည့်နေပါတယ်။  မုန်တိုင်းကြောင့် မိုးကြီးလာနိုင်တယ်ဆိုတော့ တို့ဘက်မှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတယ်။ အနိမ့်ပိုင်းရက်ကွက်တွေကိုလည်း အချိန်နဲ့တပြေးညီ ပြောင်းရွေ့နိုင်ဖို့ အုပ်ချုပ်ရေးမှူးတွေက သတိပေးနေတာရှိတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေကလည်း လှေတွေ၊ ပစ္စည်းတွေအဆင့်သင့်ပြင်ထားပါတယ်”ဟု ဆိုသည်။

    "ကဂျိကိ"မုန်တိုင်း၏ အကြွင်းအကျန်တိမ်တိုက်များသည် မြန်မာနိုင်ငံအတွင်းသို့ ဩဂုတ်လ ၂၇ရက်နေ့မှ ၂၈ ရက်နေ့အတွင်း ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသပညာရှင်ဦးဝင်နိုင်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် သတိပေးထားသည်။

    ထို့အပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် တောင်ကုန်းမြင့်ဒေသများ၊ မြစ်ချောင်းများအနီးနေထိုင်သူများ အထူးသတိပြုရန် လိုအပ်ကြောင်းလည်း ဆိုထားသည်။

    “အဓိကတော့ မြေနိမ့်ပိုင်းဒေသတွေက အထူးသတိပြုရမယ်ပေါ့နော်။ အိမ်မှာ လှေတွေ မဟုတ်ရင် ဖော့ချပ်တွေ တစ်ခုခုရှိထားသင့်တယ်။ မြစ်ရေတက်လာနဲ့ ကြိုတင်ပြောင်းရွှေ့ထားဖို့လိုအပ်ပါတယ်။ လိုအပ်လာရင် နီးစပ်ရာကယ်ဆယ်ရေးအဖွဲ့တွေကို အမြန်ဆုံးအကူအညီတောင်းရပါမယ်”ဟု မော်လမြိုင်မြို့မှ သဘာဝဘေးကူညီဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။

    လက်ရှိတွင် တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသည့် တိုင်ဖွန်းမုန်တိုင်း "ကဂျိကိ (Kajiki)"သည် ဗီယက်နမ်နိုင်ငံသို့ ဝင်ရောက်ရန် နီးကပ်လာနေပြီးဖြစ်သဖြင့် အလယ်ပိုင်း ကမ်းရိုးတန်းဒေသ ၄ ခုမှ လူပေါင်း ၅၀၀,၀၀၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ဗီယက်နမ်အာဏာပိုင်တို့က အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks