စစ်ကောင်စီက မွန်ပြည်နယ် ၁၀ မြို့နယ်လုံး၌ ရွေးကောက်ပွဲကျင်းပမည်ဟုကြေညာထားသည့်နောက် ရွေးကာက်ပွဲအတွင်းပါဝင်မည့် ပါတီများ လူမြင်ကွင်းနေရာအချို့တွင် ပါတီဆိုင်းဘုတ်တင်ခြင်း၊ စစ်ကောင်စီဘက်မှ မြို့အဝင်အထွက်နေရာများတွင် လုံခြုံရေးတိုးမြှင့်ခြင်းတို့ လုပ်ဆောင်လာကြောင်း ဒေသခံများထံမှ သိရသည်။
ရွေးကောက်ပွဲအတွင်း ပါဝင်ခြင်းမပြုရန် တော်လှန်ရေးအင်အားစုဘက်မှ တိုက်တွန်းထားသလို စစ်ကောင်စီဘက်မှလည်း အတင်းအကြပ် ဖိအားပေးခြင်းတို့ လုပ်ဆောင်လာနိုင်ကြောင်းလည်း မွန်ဒေသခံများက ဆိုသည်။
နှစ်ဖက်လုံခြုံရေးအခြေအနေစိုးရိမ်နေရသည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို မွန်ပြည်သူလူထုများ မည်ကဲ့သို့သဘောထားကြောင်းနှင့် မြေပြင်တွင် နိုင်ငံရေးပါတီများ မည်သို့လှုပ်ရှားဆောင်ရွက်နေသည့်အခြေအနေများကို မွန်ပြည်နယ်ဒေသခံများနှင့် ဆက်သွယ်မေးမြန်းထားသည်။

ရေးမြို့နယ်မှဒေသခံ အမျိုးသမီးတစ်ဦး
“ စိတ်လည်းမပါတော့ဘူး၊ အရင်ကတော့တစ်မျိုးပေါ့လေ။ အခြေအနေက ကြပ်တည်းနေတဲ့အချိန်မို့ နှစ်ဖက်စလုံးကိုကြောက်နေရတယ်၊ ဘာတွေလှုပ်ရှားနေလဲဆိုတာ မေးဖို့တောင်မပြောနဲ့ သိလည်းမသိချင်ဘူး။ ရွေးကောက်ပွဲက သူတို့သဘောပဲလေ လုပ်ချင်ရင်လည်းလုပ်ပေါ့၊ မဲပေးဖို့ကိစ္စကျတော့ ဒီအခြေအနေနဲ့ မလွယ်ကူဘူး။ ကျမတို့ဘက်ခြမ်းကဆို နှိုးဆော်နေတာရှိတယ် မဲမပေးဖို့အတွက်ပေါ့နော်၊ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ချင်တဲ့ ဆန္ဒကတော့ လူတိုင်းမှာရှိတယ်ပေါ့နော်။ ဘာလို့ဆို တိုက်ခိုက်တဲ့နည်းနဲ့ လုပ်ကြတာ ၃ နှစ် ၄ နှစ်ရှိပြီး ဒီရွေးကောက်ပွဲကနေ ပြောင်းလဲမှုတစ်ခုခုဖြစ်ဖို့ မျှော်လင့်ချင်ပေမဲ့ အားလုံးပါဝင်ကြတာမဟုတ်ဘူး၊ မဲပေးပြီးဖြေရှင်းဖို့လည်း မလွယ်ပြန်ဘူး။ အကယ်လို့ ဟို ၂၀၀၈ တုန်းကလိုမျိုး တစ်အိမ်ဆိုတစ်ယောက်မဖြစ်မနေသွားရမယ်ဆိုပြီး ဖြစ်လာရင်လည်း ဝင်ပါရရင်တော့ဝင်ပါနိုင်တယ်၊ ရှောင်လွှဲလို့ရတယ်၊ မဲထည့်ချင်ထည့်မထည့်ချင်နေဆိုတဲ့ အခြေအနေဆိုရင်တော့ မထည့်ဖြစ်ဖို့များတယ်ပေါ့နော်"
ကျိုက်မရောမြို့နယ်မှ မွန်ဒေသခံအမျိုးသမီးတစ်ဦး
“ဇွန်လလောက်ကတည်း MUP ပါတီဘက်ကနေ လူမြင်ကွင်းလိုနေရာမှာ ဆိုင်းဘုတ်တင်လာတာမျိုး တွေ့ရတယ်။ ကျန်တာထွေထွေထူးထူးတော့မကြားမိဘူး အဲ့လိုဆိုင်းဘုတ်တင်တဲ့အခါ အရင်ကဆိုရင် ဟိုးလေးတစ်ကြော်ကြော်ပေ့ါနော်။ အခုက အားပေးထောက်ခံတဲ့ ပြည်သူတွေပါဝင်ပြီးတော့ လုပ်တဲ့အခြေအနေမဟုတ်တော့ဘူး။ ခိုးကြောင် ခိုးဝှက်နဲ့ သူတို့ကော်မတီဝင်တွေ၊ မြို့နယ်ကော်မတီဝင်တွေပဲ ဆိုင်းဘုတ်တင်နေရတာတွေ့ရတယ်၊ ဘယ်သူတွေထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ သူတို့ပါဝင်သွားမဲ့သဘော ရှိတယ်။ အများပြည်သူတွေကို အသိပေးတဲ့ ပုံစံလည်းမတွေ့ရဘူး။ ဒီရွေးကောက်ပွဲကို မဖြစ်မနေလုပ်ရမှာဆိုပေမဲ့ ပြည်သူလူထုတွေလည်းစိတ်ပါဝင်စားမှုမရှိသလို သူ့ရဲ့လုပ်ဆောင်တဲ့ နည်းစနစ်ကို နားမလည်ကြဘူး။ ဒီအပိုင်း ၁ ထဲမှာကျတော့ ကျိုက်မရောမှာဆိုရင် ကော့သပ်၊ တရနာ၊ ဓမ္မသ တောက်လျှောက် စစ်ကောင်စီ အထိုင်ချ နေထိုင်တဲ့ကျေးရွာမှာကျတော့ ပထမပိုင်း ရွေးကောက်ပွဲမှာမပါသေးဘူးလို့ထင်တယ်။ ဘာလို့ဆို ဒီရွာတွေက မွန်ပြည်သစ်ထိန်းချုပ်မှုရှိတဲ့ရွာတွေဖြစ်တဲ့အတွက်ကြောင့် သူတို့ဘက်ကလည်း ကာကွယ်တာရော လက်နက်ကိုင် အဖွဲ့ကလာပြီးတော့ ဖျက်စီးနိုင်တဲ့ အနေအထားကို တားဆီးတာရော ဖြစ်နိုင်တယ်၊ အပိုင်း ၁ ကတော့ တော်လှန်ရေး အဖွဲ့အစည်းနဲ့ နီးနီးကပ်ကပ်ရှိနေတဲ့ ရွာတွေကိုချန်ထားတယ်လို့ မြင်တယ်”
သံဖြူဇရပ်မြို့နယ်မှ မွန်လူငယ်အမျိုးသားတစ်ဦး
“ပါတီတော်တော်များများက ကျနော်တို့ဘက်မှာတော့ သိပ်လှုပ်ရှားတာမတွေ့ရသေးဘူး။ ဒေသခံတွေဆိုလည်း ဒီရွေးကောက်ပွဲက ဖြစ်မလား၊မဖြစ်ဘူးလာဆိုတာလည်း သံသယဖြစ်နေကြတာ။ မဲပေးဖို့အတွက်ကျတော့ ရှောင်လွှဲလို့မရတဲ့အခြေအနေအထိ အကြပ်ကိုင်လာခဲ့ရင် ပေးရတာလည်းဖြစ်နိုင်တာပဲ၊ လုံခြုံရေး အတွက်လည်းစိုးရိမ်နေရသေးတယ် တော်လှန်ရေးအင်အားစုတွေကနေပြီး အရေးယူမှာကိုလည်း တွေးပူရပါတယ်”
ကျိုက်မရောမြို့နယ်မှ မွန်လူငယ်အမျိုးသားတစ်ဦး
“ရွာတွေမှာတော့ ကြံ့ဖွတ်ပါတီတွေပြင်ဆင်နေတာရှိတယ်၊ အုပ်ချုပ်ရေးမှူးတွေလည်း ကြံ့ဖွတ်ပါတီဝင်တွေပဲဆိုတော့ သူတို့ကပဲပြင်ဆင်မှုလုပ်နေတယ်၊ သူတို့ကိုထောက်ခံတဲ့အုပ်ကြီးတွေကို ညွှန်ကြားပြီးတော့ တိတ်တဆိတ်လှုပ်ရှားနေတာမျိုးရှိတယ်၊ ဒေသခံတွေအနေနဲ့ ရွေးကောက်ပွဲကို လက်မခံချင်ဘူးလုံခြုံမှုလည်း မရှိဘူး၊ ပြီးခဲ့တဲ့ သုံးကြိမ်မြောက် ရွေးကောက်ပွဲလို တက်တက်ကြွကြွပါဝင်ဖို့ ဘယ်ဖြစ်နိုင်မလဲ၊ မဲပေးဖို့ အစီအစဉ်လည်းမရှိဘူး၊ ရှောင်လွှဲလို့မရဘဲ မဖြစ်မနေ ပေးရမဲ့အခြေအနေရှိလာခဲ့ရင်လည်း
မတတ်နိုင်ဘူး။ ဘယ်ပါတီကိုမဲပေးဖို့တောင် သတ်မှတ် စဉ်းစားမိတာမျိုးမရှိခဲ့ဘူး။ တာဝန်ခံမှုမရှိဘဲရွေးကောက်ပွဲလုပ်တဲ့အခါ ဒေသခံအတွက် အကျိုးဖြစ်ဖို့ နည်းတယ်လိုမြင်တယ်။ လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင်စားတဲ့သူဆိုလည်း မရှိသလောက်နည်းသွားပြီး”
အရပ်ဖက်အဖွဲ့အစည်းတွင် ပါဝင်နေသည့် မွန်လူငယ်အမျိုးသားတစ်ဦး
“ရွေးကောက်ပွဲ ဝင်ပြိုင်မဲ့ပါတီတွေက လိုအပ်တဲ့ပြင်ဆင်မှုတွေကိုလုပ်ဆောင်နေကြမှာပါ၊ ကျေးရွာတွေမှာ မဲဆွယ်မဲ့ကိစ္စတွေလောလောဆယ် မလုပ်ဆောင်ရသေးဘူး၊ အခုကျနော်တို့ နယ်မှာဆိုရင် သူတို့လုံခြုံရေးကိစ္စတွေတင်းကြပ်ထားတာမျိုးရှိတယ်၊ ပဋိပက္ခဖြစ်ပွားနေချိန်မှာ လုပ်တာဆိုတော့ နိုင်ငံရေးအတွက် ကောင်းတဲ့အဖြေရလဒ်ထွက်ဖြစ်မှာလည်းမဟုတ်ဘူး။ ဒီရွေးကောက်ပွဲ အပေါ်မှာတော့ စိတ်ဆန္ဒနဲ့ ကြိုဆိုထောက်ခံဖြစ်မှာလည်း မဟုတ်ဘူး၊ တစ်ဦးတစ်ယောက်ဆန္ဒအနေနဲ့ဆိုရင် မဲမပေးဖြစ်ဘူး တော်လှန်ရေးထိန်းချုပ် နယ်မြေဆိုရင် မဲပေးဖို့အခွင့်အရေး မရှိလောက်ဘူး၊ ပေးလိုက်တဲ့မဲရလဒ် တစ်ခုဟာလည်း ပြောင်းလဲမှုကြီးကြီး မားမား ဖြစ်လာမှာလည်းမဟုတ်ဘူးလို့ ခံယူတယ်၊ မြို့ပေါ်က ဒေသခံတွေဆိုလည်း စိတ်ဆန္ဒပြင်းပြလို့ မဲပေးကြတာကနည်းပါတယ်၊ ကိုယ့်ရဲ့ လုံခြုံရေးကို စိတ်ပူလို့ ပါဝင်ကြတာပဲဖြစ်မှာပါ။”