မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောကျေးရွာအုပ်စု ချမ်းမြေ့ကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ သံဃာ ၃ ပါး ပျံလွန်သွားရပြီး ၅ ပါး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ် ဝန်းကျင်အချိန်ခန့်က ချမ်းမြေ့စုကျေးရွာ ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်တွင် သံဃာ ၈ ပါး ဆွမ်းဘုန်းနေစဉ် ဆွမ်းစားကျောင်းပေါ်သို့ လေယာဉ်ဖြင့် ဗုံးကြဲချခဲ့ခြင်းဖြစ်သည်။
“လေယာဉ်နဲ့ ဗုံးကြဲသွားလို့ ဆွမ်းစားနေတဲ့ သံဃာတွေထဲက သက်တော် (၄၀) ဝန်းကျင်ရှိတဲ့ သံဃာ (၂) ပါး နေရာမှာပဲ ပျံလွန်တော်မူသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းပြင် ကျန် သံဃာတော်များလည်း ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ နီးစပ်ရာဆေးခန်းသို့ ပို့ဆောင်စဉ် သံဃာတော်တစ်ပါး ထပ်မံ ပျံလွန်တော်မူခဲ့ကြောင်း ဆိုသည်။
ကျန် သံဃာတော် (၅) ပါးလည်း ဒဏ်ရာပြင်းထန်သည့်အတွက် စိုးရိမ်ရသည့်အခြေအနေမျိုးတွင် ရှိနေကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
လေယာဉ် ဗုံးကြဲမှုကြောင့် ဘုန်းကြီးကျောင်း ကျောင်းဆောင်နှင့် ဆွမ်းစားဆောင်လည်း ပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကော်မရှင်မှ လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းကြောင့် ဒေသခံများလည်း ကြောက်လန့်ကာ ကျိုက်ထိုမြို့ဘက်သို့ တိမ်းရှောင်လာကြကြောင်း သိရသည်။
“မနက် (၁၁) နာရီလောက်မှာ ငှက်ပျောတောရွာဘက်ကနေ ကားတွေနဲ့ ဒေသခံတွေ ကျိုက်ထိုကို ဆင်းလာကြတယ်။ မေးကြည့်တော့ ချမ်းမြေ့စုရွာဘက်ကို လေယာဉ်နဲ့ ဗုံးလာကြဲလို့ ဒေသခံတွေက ကျိုက်ထိုဘက်ကို ဆင်းလာကြတယ်တဲ့” ဟု ကျိုက်ထိုမြို့ခံတစ်ဦးက ပြောသည်။
စစ်ကော်မရှင်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည့် ချမ်းမြေ့စုကျေးရွာတွင် တော်လှန်ရေးတပ်ဖွဲ့များ မရှိကြောင်းလည်း ဒေသခံတို့၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု ပိန္နဲကုန်းကျေးရွာအတွင်းသို့ စစ်ကော်မရှင်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံ (၁) ဦး သေဆုံးပြီး၊ (၄) ဦး ဒဏ်ရာရရှိခဲ့ကာ၊ နေအိမ်၊ ကားနှင့် ဆိုင်ကယ် ပျက်ဆီးမှုလည်း ရှိခဲ့သည်။




