မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် ဓါးဒဏ်ရာ၊ သေနတ်ဒဏ်ရာများဖြင့် လက်သည်မပေါ်သည့် လူသတ်မှုဖြစ်စဉ်များက ယခုနှစ်ကုန်ပိုင်းအတွင်း ခပ်စိပ်စိပ်ဖြစ်ပွားနေခဲ့သည်။
အထူးသဖြင့် မော်လမြိုင်မြို့ရှိ ကမ်းနားလမ်းဘေးမှ ရေစီးထဲ မျှော်ပါလာသည့် ရုပ်အလောင်းများက မကြာခဏ တွေ့လာရသလို သတ်ဖြတ်ပြီးနောက် အများပြည်သူသွားရာလမ်း၊ ဥယျာဉ်ခြံတို့အတွင်း စွန့်ပစ်ထားသည့် ရုပ်အလောင်းများလည်း တွေ့ရှိလာရသည်။
အဆိုပါ သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများကို ရပ်ကွက်၊ ကျေးရွာအသီးသီးရှိ နားရေးကူညီရေးအသင်းများနှင့် ဒေသခံ ရွာသားများကသာ ဝိုင်းဝန်းသင်္ဂြိုလ်ပေးနေကြပြီး အာဏာပိုင်တို့က သတ်ဖြတ်သူ တရားခံများကို ဖမ်းဆီးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးခြင်း မရှိနိုင်ဟု လူမှုကယ်ဆယ်ရေးနှင့် နီးစပ်သူတို့က ပြောသည်။

“အခုသေဆုံးသွားတဲ့လူတွေက နိုင်ငံရေးနဲ့ပတ်သက်သူတွေလား၊ ဒါမဟုတ် ပစ္စည်းလုယက်ပြီး သတ်ဖြတ်သွားတာလား။ သေဆုံးသူတွေကလည်း ဒေသခံတွေမဟုတ်ဘဲ ခရီးသွားလို့ ယူဆရတဲ့သူတွေ၊ ရွေ့ပြောင်းလုပ်သားတွေက ပိုဖြစ်များတယ်။ တစ်ချို့နေရာတွေက CCTV တပ်ထားပေမဲ့ အာဏာပိုင်တွေက သူတို့နဲ့ ပတ်သက်သူမဟုတ်ဘူးဆိုရင် တရားခံကို လိုက်မရှာကြတော့ဘူး။ အဲတော့ ကယ်ဆယ်ရေးတွေက အလောင်းတွေကို မီးသင်္ဂြိုလ်ပြီး ဒီတိုင်း တိတ်ဆိတ်သွားတာပဲ” ဟု မုဒုံမြို့နယ်မှ လူမှုကယ်ဆယ်ရေးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
သတ်ဖြတ်ခံရသူ မိသားစုဆွေမျိုးများအနေဖြင့် သတ်ဖြတ်သူတရားခံများကို ဖမ်းဆီးပေးနိုင်ရေးအတွက် မည်သည့်အဖွဲ့အစည်း၊ အာဏာပိုင်များထံ သွားရောက်တိုင်ကြားနိုင်သည်ကို သေချာစွာ မသိရှိသလို ဒေသတွင်းအာဏာပိုင်တို့ကလည်း ဖမ်းဆီးအရေးယူနိုင်ခြင်း ယနေ့ချိန်အထိ မရှိခဲ့ပေ။
ယခုနှစ် မတ်လမှစတင်၍ သြဂုတ်လဆန်းပိုင်းအထိကို မွန်ပြည်နယ်တွင် သတ်ဖြတ်ခံရပြီး လက်သည်တရားခံ မပေါ်သည့် ဓါးထိုးဒဏ်ရာ၊ သေနတ်ပစ်ခတ်ခံရသည့် ဒဏ်ရာ၊ ရိုက်နှက်နှိပ်စက်ခံရသည့် ဒဏ်ရာ၊ လက်ပြန်ကြိုးတုတ်ခံပြီး အသတ်ခံထားရသည့် ဒဏ်ရာမျိုးဖြင့် ဖြစ်စဉ်ပေါင်း (၁၂) ခု ထက်မနည်း ဖြစ်ပွားခဲ့ပြီး လူပေါင်း (၁၆) ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) မှ သြဂုတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
အသတ်ခံရသူများတွင် စစ်ကော်မရှင်တပ်က တော်လှန်ရေးတပ်ဖွဲ့နှင့် ဆက်စပ်သူများဟု စွပ်စွဲပြီး သတ်ဖြတ်သလို တော်လှန်ရေးတပ်ဖွဲ့ဘက်မှလည်း သတင်းပေး၊ ဒလန်များဟု စွပ်စွဲပြီး သတ်ဖြတ်မှု ဖြစ်စဉ် ပိုမိုအဖြစ်များ လာခဲ့သည်။
ထိုပြင် နိုင်ငံရေးအခြေအနေကြောင့် အလုပ်အကိုင်ရှားပါးလာခြင်း၊ ဖမ်းဆီးအရေးယူမည့် တရားဥပဒေ ပျက်စီးယိုယွင်းလာခြင်းကြောင့် ပစ္စည်းလုယက်သူ၊ ရာဇဝတ်မှုကျူးလွန်သူများ ပိုမိုများပြားလာရခြင်း အကြောင်းအရင်းလည်း ဖြစ်သည်ဟု (HURFOM) မှ ဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။
“အခုသတ်ဖြတ်မှုဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် နိုင်ငံရေးပတ်သက်သူလည်း ရှိသလို၊ ကိုယ်ရေးကိုယ်သာ ကိစ္စကြောင့် သတ်ဖြတ်နေကြတာလည်း ရှိတယ်။ ပြီးတော့ အရေးယူတဲ့လူလည်း မရှိဘူး။ ရှာဖွေဖော်ထုတ်ပေးတဲ့ အဖွဲ့အစည်းလည်း မရှိဘူး။ တရားဥပဒေပျက်ပြားလာလို့ အချင်းချင်းကြား ဖြစ်တဲ့ပြဿနာကြောင့် လွယ်လွယ်ကူကူ သတ်ဖြတ်ကြတယ်။ မကျေနပ်လို့ သတ်ဖြတ်ကြတယ်။ အဲလိုဖြစ်လာနေတာ။ ဒါကြောင့် တရားဥပဒေကို ယုံကြည်လို့မရတော့ဘူး။ ကိုယ်အသက်ကို ကိုယ်ပဲ အဓိက စောင့်ထိန်းရတော့မဲ့ အနေအထားပါ” ဟု နိုင်အဲမွန်က ပြောသည်။
သတ်ဖြတ်မှုဖြစ်စဉ်များ ဖြစ်ပွားသည့်နောက် တရားခံကို ဖမ်းဆီးအရေးယူဖော်ထုတ်မှု အားနည်းလာသည်အမျှ ရာဇဝတ်ကျုးလွန်သူများက ပိုမိုလုပ်ဆောင်လာနိုင်ပြီး ပြည်သူများက လုံခြုံမှုမရှိသည့် ပတ်ဝန်းကျင်တွင် ဆက်လက်နေထိုင်သွားရမည် ဖြစ်သည်။
လက်သည်မပေါ်သည့် လူသေရုပ်အလောင်းများ မကြာခဏ တွေ့ရှိနေရသည့်အတွက် ပြည်သူများအနေဖြင့် သွားလာလှုပ်ရှားမှုတိုင်းတွင် သတိထားသွားလာနေကြရပြီး အသက်အန္တရာယ်အပြင် စိတ်ပိုင်းဆိုင်ရာ မလုံခြုံတော့သည့် အခြေအနေမျိုး ခံစားရစေသည်။
“ခေတ်ပျက်ကြီးထဲမှာ ဘယ်နေရာမှ လုံခြုံမှုဆိုတာ ရှိတာ မဟုတ်ဘူး။ မော်လမြိုင်မှာဆို လူသတ်မှုတွေက ခနခန ဖြစ်နေတယ်။ ကြိုးတုတ်ပြီး ရေထဲမျှောလာတဲ့အလောင်းတွေ၊ မကြားစဖူး ဓားတွေနဲ့ ခုတ်သတ်တဲ့ဖြစ်စဉ်တွေ အထိပါပဲ။ တဖြည်းဖြည်းနဲ့ လူတွေလည်း အကြောက်တရားတွေနဲ့ နေထိုင်လာရသလိုပဲ။ ညနေ မိုးချုပ်တာနဲ့ အပြင်တွေ သိပ်မထွက်ရဲကြတော့ဘူး။ အရင်လို လုံခြုံမှု မရှိသလို ခံစားရတယ်” ဟု မော်လမြိုင်မြို့မှ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။
ယခုဖြစ်ပွားနေသည့် သတ်ဖြတ်မှုဖြစ်များကို ကိုင်တွယ်ဖြေရှင်းရေးက နိုင်ငံတော်အာဏာကို ထိန်းချုပ်ထားသည်ဆိုသည့် စစ်ကော်မရှင်အဖွဲ့တို့ကသာ အဓိက တာဝန်ရှိပြီး ၎င်းတို့က ပြည်သူလူထုတို့၏ ဘဝလုံခြုံရေးကို အလေးမထားဘဲ အာဏာဆက်လက်တည်မြဲရေး လုပ်ငန်းစဉ်များကိုသာ ဦးစာပေး ဆောင်ရွက်နေကြောင်း ပြည်သူများအကြား ဝေဖန်ပြောဆိုလျက်ရှိသည်။