spot_img
Saturday, August 23, 2025
More
    spot_img
    Homeမေးမြန်းချက်"ကျနော်တို့က တတ်နိုင်သလောက် နိုင်နိုင်ခြေရှိတဲ့ မဲဆန္ဒနယ်တွေမှာတော့ ဝင်ပြိုင်ဖို့ အလားအလာရှိတယ်။ အခုလည်းကျနော်တို့ စစ်ဆေးနေတုန်းပေါ့နော်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲရလဒ်အပေါ် အခြေခံပြီးတော့ ကျနော်တို့ တွက်ချက်နေတုန်းပါ ဘယ်နေရာမှာဝင်သင့်လဲဆိုတဲ့ဟာပေါ့။"မွန်ညီညွတ်ရေးပါတီ(MUP)...

    "ကျနော်တို့က တတ်နိုင်သလောက် နိုင်နိုင်ခြေရှိတဲ့ မဲဆန္ဒနယ်တွေမှာတော့ ဝင်ပြိုင်ဖို့ အလားအလာရှိတယ်။ အခုလည်းကျနော်တို့ စစ်ဆေးနေတုန်းပေါ့နော်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲရလဒ်အပေါ် အခြေခံပြီးတော့ ကျနော်တို့ တွက်ချက်နေတုန်းပါ ဘယ်နေရာမှာဝင်သင့်လဲဆိုတဲ့ဟာပေါ့။"မွန်ညီညွတ်ရေးပါတီ(MUP) ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေ

    -

    မွန်ပြည်နယ်ကိုယ်စားပြု၍  စစ်ကော်မရှင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ညီညွတ်ရေးပါတီ(MUP)မှ ပါတီရှင်သန်ရေးအတွက် မဲနိုင်နိုင်ခြေရှိသည့် နေရာများကို ဝင်ရောက်ယှဉ်ပြိုင်သွားရန်ရှိပြီး မည်သို့ပါဝင်ယှဉ်ပြိုင်မည်ကို ယခင်ရွေးကောက်ပွဲမှ ရလဒ်များအပေါ်တွက်ချက်၍ လုပ်ဆောင်နေဆဲဖြစ်ကြောင်း (MUP) ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက ပြောသည်။

    ဩဂုတ် ၁၇ ရက်နေ့က မွန်ညီညွတ်ရေးပါတီ၏ CEC အစည်းအဝေး ပြုလုပ်၍ ရွေးကောက်ပွဲစည်းရုံးရေး၊ ကိုယ်စားလှယ်လောင်းရွေးချယ်ရေးနှင့် ပါတီရန်ပုံငွေကိစ္စများကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

    လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို (MUP) အနေဖြင့် မည်သို့ဝင်ရောက်ယှဉ်ပြိုင်သွားမည့်အကြောင်းနှင့် ပြီးခဲ့သည့် ရက်ပိုင်းက ပြုလုပ်ခဲ့သည့် ပါတီ၏ CEC အစည်းအဝေးနှင့်ပတ်သတ်၍ မွန်ညီညွတ်ရေးပါတီ(MUP) ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေနှင့် ဆက်သွယ်မေးမြန်းထားသည်။

    မေး။   ။မွန်ညီညွတ်ရေးပါတီရဲ့ ပါတီ CEC အစည်းအဝေး လုပ်ခဲ့တယ်လို့ကြားတယ်ပေါ့လေ။ စည်းဝေးကနေ ဆရာတို့ ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီး ဘယ်လိုဆုံးဖြတ်ချက်တွေ ရခဲ့တာရှိလဲ။

    ဖြေ။   ။ ကျနော်တို့ ၁၇ ရက်နေ့မှာ လုပ်ခဲ့တယ်ပေါ့။ အဓိကဆွေးနွေးတာက ရွေးကောက်ပွဲဝင်ရင် ဘယ်လိုဝင်မလဲ။ ဘယ်နေရာဘယ်လိုဝင်မလဲဆိုတာ ကျနော်တို့အစီစဉ်တွေဆွဲနေတာပေါ့။ မွန်မှာဘယ်လောက်အထိ ဘယ်ရောက်ယှဉ်ပြိုင်ဖို့ရှိလဲပေါ့လေ လျာထားချက်အနေနဲ့။ ဆုံးဖြတ်ချက်က သိပ်တော့ ထွေထွေထူးထူးမရှိဘူးပေါ့နော်။ အဓိ ကျနော်တို့ရွေးကောက်ပွဲကို ဝင်ရမယ်။ ဘယ်လိုဝင်မလဲ ဘယ်သူက လွှတ်တော်ကိုယ်စားလှယ်လောင်းကို ဘယ်လိုရွေးမယ် ဘာညာကိုတော့ နောက်ပိုင်းမှာ အစီစဉ် တဖြည်းဖြည်းချသွားမယ်။ ရွေးကောက်ပွဲစည်းရုံးရေးနဲ့ပတ်သတ်တဲ့ ကိစ္စတွေကိုလည်း ကျနော်တို့ လုပ်သွားဖို့ရှိတယ်။ အလုပ်ကတော့တအားများတယ်ပေါ့နော်။ ထွေထူးတော့ သိပ်မရှိပါဘူး။

    မေး။   ။ အခုဆိုရင်လည်း UEC ကနေပြီးတော့ ရွေးကောက်ပွဲအပိုင်း ၁ ကို ဒီဇင်ဘာ ၂၈ မှာလုပ်မယ်လို့ပြောထားတာပေါ့လေ။ ဆရာတို့အနေနဲ့ရော ဘယ်လောက်အထိ ပြင်ဆင်ထားပြီးပြီးလဲ။

    ဟုတ်ကဲ့။ ကျနော်တို့ပြင်ဆင်မှုကတော့ အများကြီးပေါ့။ ရွေးကောက်ပွဲကို ဘယ်လိုဝင်မလဲ၊ စည်းရုံးရေးဘယ်လိုဆင်းမလဲ အဲဒါကိုပဲ ကျနော်တို့အခု စောင့်ကြည့်ပြီးတော့ လုပ်နေရတာပေါ့။ ကျန်တဲ့ကိုယ်စားလှယ်လောင်းတွေကိုလည်း ဘယ်လိုရွေးရမလဲ အဲဒါလည်းပါတယ်။ ဘယ်သူက ဝင်ပြိုင်မလဲ။ နောက်ပြီးတော့ ပါတီရန်ပုံငွေရယ်။ လွှတ်တော်ကိုယ်စားလှယ် ဝင်ရောက်ယှဉ်ပြိုင်မဲ့ သူတို့ရန်ပုံငွေကိုလည်း အဲဒါကိုပဲ အဓိကထားပြီးတော့ လုပ်နေတာပါ။ အပိုင်း ၂ ကိုတော့ မသိသေးဘူးပေါ့နော်။ ဒါမဲ့ အပိုင်း ၁ ကတော့ ဒီဇင်ဘာ ၂၈ ဆိုပြီးတော့ ထွက်လာပြီးပေါ့။ အပိုင်း ၁ နဲ့ ၂ ကြားမှာ တစ်ပတ်ပဲခြားနိုင်တယ်လို့တော့ မြင်တယ်။ အပိုင်း ၃ ရှိရင်လည်း အဲ့လိုပဲ တစ်ပတ်လောက်ပဲခြားမှာပါ။ အဲလိုတော့ ယူဆထားပါတယ်။

    မေး။   ။UEC ဘက်က ရွေးကောက်ပွဲကျင်းပမဲ့ မဲဆန္ဒနယ်မြေသတ်မှတ်ထားတဲ့အပေါ်မှာ ဆရာတို့ဘာပြောချင်လဲ။ အချို့ဒေသမှာဆိုရင် တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နိုင်တဲ့နေရာဖြစ်နေတော့လေ။

    ဖြေ။   ။ကျနော်တို့မွန်ပြည်နယ်မှာ မဲဆန္ဒနယ်နဲ့ပတ်သတ်ပြီးတော့ အခက်အခဲတော့သိပ်ပြီးတော့မရှိဘူး။ ဒါမဲ့ကျနော်တို့မှာ စိန်ခေါ်မှုအနည်းအကျဉ်းတော့ရှိတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားလွှတ်တော်ပေါ့နော် တစ်ပြည်နယ်ကို ၁၂ ယောက်ဆိုတော့ ၆ ယောက်ကတော့ FPTP နဲ့လုပ်တယ် နောက် ၆ ယောက်က PR နဲ့လုပ်တယ်ဆိုတဲ့အခါကျတော့ FPTP နေရာကတော့ မဲဆန္ဒနယ်က ကျယ်သွားတာပေါ့နော်။ ဥပမာ သံဖြူဇရပ်နဲ့ မုဒုံနဲ့ပေါင်းပြီးတော့ မဲဆန္ဒနယ်တစ်ခုဖြစ်သွားတော့ မဲဆန္ဒနယ်အရမ်းကျယ်တယ်၊ လူဦးရေလည်းများမယ် နောက်ပြီး ဝင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းတွေဆို နိုင်နိုင်ခြေက အရမ်းကိုအားနည်းတယ်။ နောက်ပြီးတော့ နယ်မြေက အရမ်းကို ကျယ်ဝန်းတယ်ဆိုတဲ့အခါကျတော့ စည်းရုံးရေးမလုပ်နိုင်မှာကိုလည်း ကျနော်တို့စိုးရိမ်ရတယ်။

    မေး။   ။FPTP ရော PR ရောအသုံးပြုမဲ့အပေါ်မှာရော ဆရာတို့ဘက်က အားသာချက် အားနည်းချက်ဘာရှိလဲ။

    အားနည်းချက်ကတော့ အရင်က ပြည်နယ်လွှတ်တော်မှာပေါ့နော်။ အရင်က ပြည်နယ်လွှတ်တော်မှာ တစ်မြို့နယ်မှာ မဲဆန္ဒနယ် (၁)၊(၂) ဆိုပြီး သတ်မှတ်တာပေါ့နော်။ အခု PR စနစ်ရော ရောလာတဲ့အခါကျတော့ မြို့နယ်တစ်မြို့နယ်မှာ မဲဆန္ဒနယ်တစ်နယ်ဖြစ်သွားတယ်။ နောက်ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ပဲဝင်ပြိုင်ရမယ်။ အဲဒါကို PR နဲ့တွဲတဲ့အခါကျတော့ အရင်ကမဲဆန္ဒနယ် (၁) ဆို (၁) လို့စည်းရုံးလှုပ်ရှားခဲ့ပေမဲ့ အခုတစ်မြို့နယ်ကို စည်းရုံးလှုပ်ရှားရတယ်ဆိုတော့ နည်းနည်းတော့ အခက်အခဲဖြစ်တာပေါ့နော်။ နိုင်နိုင်ခြေက အားနည်းသွားတဲ့သွားတဲ့သဘောပေါ့နော်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် နိုင်နိုင်ခြေရှိအောင်ကိုတော့ ကြိုးစားရမှာပေါ့။

    မေး။   ။လွှတ်တော်ကိုယ်စားလှယ် ရွေးတဲ့အခါမှာ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်အခက်အခဲတွေ ရှိတယ်လို့ကြားတယ်ပေါ့နော်။ MUP မှာရော အခြေအနေဘယ်လိုရှိလဲ။

    ဖြေ။  ။ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မဲ့ လွှတ်တော်ကိုယ်စားလှယ် ရှားပါးတာက ကျနော်တို့မှာလည်းဖြစ်နိုင်တယ်။ စဉ်းစားချက်က ဘယ်လိုပဲဖြစ်ဖြစ် ဝင်နိုင်အောင်ကို ဦးစားပေးပြီးတော့ ဝင်ဖြစ်အောင် လုပ်ရမှာပေါ့။ ဒါပေမဲ့ အခုတော့လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်တဲ့အဆင့်အထိ မရောက်သေးဘူးဆိုတော့လည်း အတိအကျတော့မသိနိုင်သေးဘူး။ ဒါမဲ့ ဝင်ပြိုင်သူနည်းတာတော့ ဖြစ်နိုင်ချေရှိတာပေါ့။

    မေး။  ။ MUP အနေနဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်မယ်လို့ ဆုံးဖြတ်ချက်ချထားပြီးပြီးဆိုတော့လေ မွန်ပြည်နယ်ရဲ့ မြို့နယ်အကုန်လုံးကို ဝင်ပြိုင်သွားဖို့ရှိသလားပေါ့လေ။

    ဖြေ။   ။မဟုတ်ဘူး။ အဲဒါက ဒီလိုပေါ့နော် ပြည်သူ့လွှတ်တော်မှာကျတော့ တစ်မျိုးပေါ့နော်။ ကျနော်တို့ နိုင်နိုင်ချေရှိတဲ့နေရာကိုပဲ ဝင်ပြိုင်မယ်။ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်မှာကျတော့ သူက PR နဲ့ ရောထားတော့ တချို့နေရာတွေ မရှင်းမလင်းရှိတာပေါ့နော်။ တချို့မြို့နယ်တွေ နေရာတွေမှာ ကျနော်တို့ လွှတ်တော်ကိုယ်စားတွေ မရှိဘူးဆိုရင် အဲဒါကို PR နဲ့တွက်ရင် ကျနော်တို့ မဲမရမှာကို စိုးရိမ်ရတယ်လေ။ ဆိုတော့ အဲဒါ မဖြစ်မနေ လွှတ်တော်ကိုယ်စားလှယ်ထည့်ရမဲ့ အနေအထားရှိတယ်ပေါ့လေ။ သဘောက ဘီးလင်း၊ ကျိုက်ထိုတို့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ကျနော်တို့ ဝင်မနိုင်ဘူးပေါ့။ ဝင်မနိုင်ဘူးအခါကျတော့ ကျနော်တို့အရင်ရွေးကောက်ပွဲက FPTP ဆိုတော့ ဘာမှလည်း ပြဿနာမရှိဘူးဆိုပေမဲ့ အခုPR နဲ့ တွဲပြီးတော့ လုပ်လာတဲ့အခါကျတော့ အဲဒီနေရာမှ ဝင်မပြိုင်လို့ရှိရင် ကျနော်တို့ရဲ ပါတီ Logo (ပါတီတံဆိပ်) မှာ ကျနော်တို့ ပါတီ မဲမပါခဲ့လို့ရှိရင်။ ကျနော်တို့ မဲမရ ခဲ့ဘူးပေါ့။ အဲဒါကြောင့် ကျနော်တို့လည်း အဲဒီနေရာတွေကို ဖြစ်တဲ့နည်းနဲ့ဝင်ပြိုင်ဖို့ အခြေအနေရှိတယ်။ ဒါကိုလည်း ကျနော်တို့သိပ်မရှင်းလင်းဘူးပေါ့လေ ကော်မရှင်ကိုလည်း ထပ်ပြီးမေးရအုံးမယ်။ အရေအတွက်ကတော့ ကျနော်တို့မသိသေးဘူးနော်။ တတ်နိုင်သလောက် နိုင်နိုင်ခြေရှိတဲ့ မဲဆန္ဒနယ်တွေမှာတော့ ဝင်ပြိုင်ဖို့ အလားအလာရှိတယ်။ အခုလည်းကျနော်တို့ စစ်ဆေးနေတုန်းပေါ့နော်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲရလဒ်အပေါ် အခြေခံပြီးတော့ ကျနော်တို့ တွက်ချက်နေတုန်းပါ ဘယ်နေရာမှာဝင်သင့်လဲဆိုတဲ့ဟာပေါ့။

    မေး။  ။ အခုပေါ့လေ ရွေးကောက်ပွဲ ဝင်ရောက်ပတ်သတ်တဲ့လူတွေကို တစ်ဖက်တော်လှန်ရေးအင်အားစုတွေက အရေးယူမဲ့ ပုံစံမျိုးတွေလည်းပြောနေတာရှိတော့ ဆရာတို့ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တဲ့အခါမှာရော ဘယ်လိုလုံခြုံမှုပေးမှာလဲ။ ဘယ်လိုစိုးရိမ်မှုတွေ ရှိလဲ။

    ဖြေ။  ။ ဟုတ်ကဲ့။ စိုးရိမ်ချက်ကတော့ အမျိုးမျိုးပဲ ရှိပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကိုတော့ ဖြတ်သန်းရမှာပဲလေ။ လုံခြုံရေးကို ပါတီအင်အားနဲ့ပဲလုပ်မလား ဒါကိုလည်း ကျနော်တို့အစီအစဉ်အတိအကျတော့ မလုပ်သေးဘူးပေါး။ ဒါကိုလည်း လုပ်ဖို့ရှိတာပေါ့။ ပါတီဝင်တွေနဲ့ ဝန်းရံပြီးသွားမလား ဒါလည်းဆုံးဖြတ်ရခက်တယ်ပေါ့။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,500SubscribersSubscribe
    spot_img

    Latest posts