တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကော့လှိုင်ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် မွန်၊ကရင်၊ တနင်္သာရီ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့စစ်ရေးတင်းမာနေဆဲဖြစ်ပြီး မလွှဲတောင်ဂိတ်ရှိ စစ်ကောင်စီအဖွဲ့တို့ စစ်ဆေးရေးပိုမိုတင်းကြပ်ထားကြောင်းလည်း ရေဖြူဒေသခံများထံမှ သိရသည်။
ဇူလိုင်လမှစ၍ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် ယခုဩဂုတ်လအတွင်း မလွှဲတောင်လမ်းပိုင်းတစ်လျှောက်တွင် ထိတွေ့တိုက်ပွဲ ၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။
ထို့ကြောင့် စစ်ကောင်စီတပ်တို့သည် မလွှဲတောင်ဂိတ်တွင် လုံခြုံရေးအင်အားတိုးချဲ့ထားသည့်အပြင် ကုန်စည်တင်ဆောင်ထားသည့်ယာဉ်များနှင့် ခရီးသွားပြည်သူများကိုလည်း စစ်ဆေးရေး ပိုမိုတင်းကြပ်လာကြောင်း ရေဖြူမြို့နယ်မှ ခရီးသွားလာနေသည့် ဒေသခံတစ်ဦးက ပြောသည်။

“အစစ်ဆေးကတော့ အရင်ကထက် တော်တော်တင်းကြပ်လာတယ်။ ဒါမဲ့ ဒီကနေ ရေးကိုတော့ သွားလာနေကြတာပဲ။ လူဆိုရင်ရစ်တယ်။ ပစ္စည်းတွေတင်ဆောင်လာတဲ့ကားတွေဆို စစ်တယ်။ တင်လာတဲ့ ပစ္စည်းတွေဆို သိမ်းချင်ရင် သိမ်းလိုက်တယ်။ ယူချင်ရင် ယူလိုက်တယ်။ ကန့်သတ်ထားတဲ့ ပစ္စည်းမဟုတ်လည်း သိမ်းတာပဲ ” ဟု ၎င်းက ပြောသည်။
ဇွန်လကုန်ပိုင်းမှစပြီး အဆိုပါစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီမှ အခြေခံစားသောက်များဖြစ်သည့် ဆန်၊ ဆေးစသည့် စားနပ်ရိက္ခာတင်သွင်းမှု တင်းကြပ်စွာ စစ်ဆေးနေပြီး ကန့်သတ်ထားသည့် ကုန်စည်များသယ်ဆောင်လာပါက လိုက်လံသိမ်းဆည်းနေခြင်းဖြစ်သည်။
လက်ရှိတွင် ရေဖြူမြို့နယ်၊ ကော့လှိုင်ကျေးရွာအနီးတွင် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေသဖြင့် ရေး-ထားဝယ်လမ်းပိုင်းတစ်လျှောက် သတိပြုသွားလာရန် တိုက်ပွဲအတွင်းပါဝင်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဘက်များမှ အသိပေးပြောဆိုထားသေးသည်။
“တော်လှန်ရေးတပ်ဖွဲ့က အဲ့ဒီလမ်းတစ်လျှောက် စစ်ဆေးရေးလုပ်နေတာတော့ရှိတယ်။ ပုံမှန်တော့ မရှိဘူးပေါ့။ သွားလာတာက အဆင်ပြေပြေပဲ။ ဒါမဲ့ညနေ ၆ နာရီဆို သွားလာလို့မရတော့ဘူး။ ကော့လှိုင် ဘက်မှာဆို လက်နက်ကြီးပစ်တာရော တိုက်ပွဲလည်း ခဏခဏဖြစ်နေတော့ သွားလာတာက ဂရုစိုက်ရ တာပေါ့လေ”ဟု ရေဖြူဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားနေသည့်အပြင် စစ်တပ်ဘက်မှလည်း ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းကြောင့် ကော့လှိုင်၊ မိုင် ၆၀ နှင့် မရမ်းချောင်း စသည်ကျေးရွာများမှ ဒေသခံများ နေ့ရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတို့ပြောကြားချက်အရ သိရသည်။
ဒေသခံတို့သည် ၂ လကျော်ကြာ စစ်ဘေးရှောင်နေရခြင်းကြောင့် စားနပ်ရိက္ခာနှင့် အမိုးအကာ အခက်အခဲများလည်း ရင်ဆိုင်နေရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့ကလည်း မော်လမြိုင်-ရေး-ထားဝယ်-မြိတ် အမှတ် ( ၈ ) ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များကို စစ်ဆေးတင်ကြပ်သွားမည်ဖြစ်သဖြင့် မည်သည့်ယာဉ်မဆို ကြည်ဖြူစွာစစ်ဆေးခံရန် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် KNLA ၊ တပ်ရင်း ၂၇ မှ ထုတ်ပြန်ထားသည်။
တော်လှန်ရေးပူးပေါင်းတပ်တို့က ရေး-ထားဝယ်လမ်းပိုင်းတစ်လျှောက် ဖြတ်သန်းသွားလာနေသည့် ယာဉ်များနှင့် ပြည်သူများကို စစ်ဆေးတင်းကြပ်သွားမည်ဟု ထုတ်ပြန်ထားခြင်းကြောင့် စစ်တပ်ဘက်မှ ယခုလိုစစ်ဆေးတင်းကြပ်လာခြင်းဖြစ်သည်ဟုလည်း ဒေသခံအချို့သုံးသပ် ပြောဆိုနေကြသည်။