ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဒေသခံများအား စစ်ကော်မရှင်က ဆင့်ခေါ်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ကိုးကန့်တပ် (MNDAA) တို့ကို ဆန္ဒပြခိုင်းမှုသည် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုကို ပျက်ပြားစေရန် လုပ်ဆောင်ခြင်းဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က ထုတ်ပြန်ခဲ့သည်။
ယနေ့ ဩဂုတ် ၁၈ ရက်နေ့မှာ စစ်ကော်မရှင်က မိုးနဲ၊ မိုင်းပန်၊ ခိုလမ်၊ ကွန်ဟိန်း စသောမြို့များတွင် တပြိုင်နက်တည်း TNLA၊ MNDAA တို့အား ဆန္ဒပြမှုပြုလုပ်စေခိုင်းခဲ့ပြီး မနက်ဖန် ဩဂုတ်လ ၁၉ ရက်မှာလည်း ရှမ်းပြည်နယ်တောင်ပိုင်းမှ တခြားမြို့များတွင် ဆက်လက်ဆန္ဒပြပွဲများ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြပွဲများကို စစ်ကော်မရှင်၏ အုပ်ချုပ်ရေးများက တစ်အိမ်တစ်ယောက် မလာမနေရ ဆင့်ခေါ်ပြီး TNLA နဲ့ MNDAA အဖွဲ့များကို အကြမ်းဖက်အဖွဲ့အစည်းများဟုဆိုကာ ဆန္ဒပြခိုင်းကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်က ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား လူမျိုးစုအချင်းချင်း အမုန်းပွားစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းလည်း ဖြစ်ကြောင်း RCSS က ပြောသည်။
RCSS အနေဖြင့် သျှမ်းပြည်မြောက်ပိုင်းမှာ TNLA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့၏ ကြီးမားသော ထိုးစစ်ဆင် တိုက်ခိုက်မှု ခံခဲ့ရပေမယ့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ရှေးရှုသည့်အနေဖြင့် ဒေသခံ တိုင်းရင်းသားများကို ထုတ်ဖော်ဆန္ဒပြရန် တိုက်တွန်းမှု မလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိ စစ်ကော်မရှင်က ဆင့်ခေါ်၍ TNLA နှင့် MNDAA တို့ ဆန့်ကျင် ဆန္ဒပြမှုဟာ မိမိတို့ RCSS နှင့် လုံးဝ ပတ်သက်မှု မရှိကြောင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့်လည်း စစ်ကော်မရှင်၏ လှည့်ကွက်ထဲ မကျရောက်မိစေဖို့ သတိထား ရှောင်ရှားနိုင်ရန် RCSS က တိုက်တွန်းထားသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၎င်းတို့ ထိန်းချုပ်မြို့အများအပြားကို TNLA နှင့် MNDAA တို့ထံ လက်လွှတ်ခဲ့ရပြီးနောက် တိုင်းရင်းသားအချင်းချင်းအကြား သပ်လျိုသွေးခွဲမှုများ လုပ်ဆောင်ခဲ့သလို လက်ရှိတွင်လည်း စစ်တပ်နှင့် TNLA တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက် ရှိနေကြောင်း သိရသည်။