ထိုင်း-မြန်မာနယ် မြဝတီ – မဲဆောက် ချစ်ကြည်ရေးတံတား အမှတ် (၂) ကို မြန်မာဘက်ခြမ်းက ယနေ့ သြဂုတ်လ ၁၈ ရက်နေ့တွင် ယာယီပိတ်ထားလိုက်ကြောင်း ကုန်သည်များထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့စ၍ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ခြမ်းမှ ချစ်ကြည်ရေးတံတား အမှတ် (၂) မှ ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့်မရကြဘဲ တံတားအနီးရှိ ကားဝန်းတွင် မြန်မာနိုင်ငံဘက်သို့ တင်သွင်းမည့် ကုန်တင်ယာဉ် အစီး ၅၀၀ ကျော် ရပ်တန့်ထားရကြောင်း ကုန်သည်တစ်ဦးက ပြောသည်။

“အရင်ကတော့ ထိုင်းက ကုန်ပစ္စည်းတွေ မြန်မာဘက်ကို သွင်းလို့မရဘူး။ တံတားပေါ်ကနေတော့ သွားလာလို့ရသေးတယ်။ ဒီနေ့ (ဩဂုတ် ၁၈ ရက်) မနက်မှာတော့ တံတားကိုပါ ယာယီပိတ်ထားလိုက်တာပါ” ဟု ၎င်းကုန်သည်က ပြောသည်။
သို့သော်လည်း မြန်မာဘက်ခြမ်းမှ ထိုင်းနိုင်ငံဘက်သို့ တင်သွင်းမည့် ဆန်၊ ကြက်သွန်၊ ဟင်းသီးဟင်းရွက်များနှင့် အသားငါးများ သောင်ရင်းမြစ်ကို ဖြတ်ကူးကာ တင်ပို့နေကြသေးကြောင်းလည်း ကုန်သည်များက ဆိုသည်။
ထိုင်းနိုင်ငံဘက်မှ ကုန်ပစ္စည်းများအား ချစ်ကြည်ရေးတံတား (၂) စင်း ပေါ်မှရော၊ ရေကြောင်းကပါ အဝင်မခံတော့ကြောင်း မြဝတီမြို့ခံ ကုန်သည်တစ်ဦးက ပြောကြားသည်။
“ဒီနေ့မနက်ပိုင်းကစလို့ မြန်မာ – ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂) ကိုလည်း ယာယီပိတ်လိုက်တော့ မြန်မာဘက် သွားမယ့်ကုန်တွေလည်း သွားမရဘူးဖြစ်နေတယ်။ တချို့ကတော့ အောက်က (သောင်ရင်းမြစ်ကူးကာ) သွားနေကြတာမျိုး ရှိတယ်။ ဒါပေမယ့် ထိုင်းဘက်က ကုန်ပစ္စည်းတွေကိုတော့ အဝင်မခံဘူး။ အဲ့ဒီလို အခြေအနေမျိုးဖြစ်နေတယ်” ဟု ၎င်းကဆက်ပြောသည်။
ထိုင်း – မြန်မာနယ်စပ်မှတဆင့် တရားမဝင်ကုန်ပစ္စည်းများအား လာဘ်ငွေရယူကာ လွှတ်ပေးခဲ့သည့်အတွက်ကြောင့်ဟုဆိုကာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးဖြစ်သူ ဗိုလ်မှူးချုပ်ဇော်မင်းအောင်နှင့်အတူ ကရင်ပြည်နယ် အကောက်ခွန်ဦးစီးဌာနမှူး၊ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(ရတခ) တပ်ဖွဲ့မှူး၊ ဒုစရိုက်နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ အထူးသတင်းရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများပါဝင်ကြောင်း ဝန်ထမ်း (၁၅) ဦးခန့်အား ပြီးခဲ့သည့် ဇူလိုင်လအတွင်းက နေပြည်တော်မှ တိုက်ရိုက်လာရောက်ဖမ်းဆီးကာ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း တိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ယင်းအခြေအနေနှင့် ဆက်စပ်ပြီး ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ နည်းလမ်းပေါင်းစုံဖြင့် တင်သွင်းလာသည့် ကုန်ပစ္စည်းများ တင်ဆောင်လာသော ကုန်တင်ယာဉ် အစီး (၂၀၀) ဝန်းကျင်ကိုလည်း ဖမ်းဆီးထားကြောင်းလည်း သိရသည်။
လတ်တလောတွင်လည်း မြဝတီ – ကော့ကရိတ်အာရှလမ်းပိုင်းကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးစားနေသည့်အတွက်ကြောင့် စစ်ကောင်စီလက်အောက်ခံတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားနေကြောင်းနှင့် ထိုလမ်းကြောင်းအား ထိန်းချုပ်ပြီး မြန်မာ – ထိုင်း တရားဝင်ကုန်သွယ်ရေး ပြန်လည် စတင်နိုင်ရန် ကြိုးစားနေသည့်သဘောမျိုးရှိကြောင်းလည်း ကုန်သည်များ၏ သုံးသပ် ပြောကြားချက်များအရ သိရသည်။