စစ်ကော်မရှင်မှ ဦးဆောင်ကျင်းပပေးမည့် ရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက်အသက်သွင်းရေးနှင့် စစ်အာဏာရှင်စနစ်ကို တရားဝင်မှုရရှိရေးသာဖြစ်ခြင်းကြောင့် ပြည်သူလူထုတစ်ရပ်လုံး ဆန့်ကျင်ကြရန် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD အတွင်းရေးမှုး နိုင်ဗညားလယ်က တိုက်တွန်းပြောဆိုသည်။
ယခုနှစ် ဝါခေါင်လပြည့်နေ့ (သြဂုတ် ၈ ရက်) က ကျင်းပသည့် ၇၈ နှစ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားတွင် သဘာပတိအဖြစ် တက်ရောက်ပြီး မိန့်ခွန်းပြောကြားစဥ် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ရွေးကောက်ပွဲမှာ ပါဝင်မဲ့ နိုင်ငံရေးပါတီတွေကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံကို ဆက်လက်အသက်သွင်းသူ၊ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေသူအဖြစ် သတ်မှတ်ပြီးတော့ ကျွန်တော်တို့ ပါတီ၊ တပ်တော်ကလည်း လက်မခံပဲ ဆန့်ကျင်တိုက်ဖျက်သွားမှာဖြစ်တယ်” ဟု NMSP-AD အတွင်းရေးမှုး နိုင်ဗညားလယ်က ပြောသည်။
လက်ရှိဖြစ်တည်နေသော နိုင်ငံရေးပြဿနာများကို ပြေလည်အောင် ဘာတစ်ခုမှ မဖြေရှင်းနိုင်ပဲ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းလုပ်ဆောင်နေခြင်းဟာ ပဋိပက္ခကို ပိုမိုကြီးထွားစေသည့်အပြင် အတင်းအဓမ္မ ရွေးကောက်ပွဲပြုလုပ်၍ အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာရင်တောင် ဒီနိုင်ငံ ငြိမ်းချမ်းမည်မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။
တစ်ဖက်တွင်လည်း ရွေးကောက်ပွဲ မဖြစ်မြောက်စေရေး ပြည်တွင်း ပြည်ပမှ အဖျက်အမှောင့်များ ရှိလာနိုင်သော်လည်း ရွေးကောက်ပွဲအား မဖြစ် ဖြစ်အောင် ကျင်းပမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ထုတ်ပြောထားပြီးဖြစ်သည်။
ထိုကြောင့် ယခုနှစ် ဒီဇင်ဘာလ (သို့မဟုတ်) ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပမည့် ရွေးကောက်ပွဲ၌ ပါဝင်ယှဥ်ပြိုင်မည့် နိုင်ငံရေးပါတီဝင်များနှင့် ကိုယ်စားလှယ်လောင်းတို့၏ လုံခြုံရေးကို တာဝန်ယူကာကွယ်ပေးသွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။
“တော်လှန်ရေးအဖွဲ့တွေရဲ့ ပစ်မှတ်ဟာ စစ်အာဏာရှင်အပေါင်းတို့ကို ချိန်မှတ်ထားတာဖြစ်တယ်၊ ဒါပေမယ့် ဒီရွေးကောက်ပွဲ ဖြစ်ခဲ့လျှင် အဲဒီပစ်မှတ်တွေဟာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မဲ့အမတ်လောင်းတွေဆီ ရောက်လာနိုင်တဲ့အတွက် ဒီသံသရာဟာ ဆက်လက်ရှည်သွားနိုင်ဦးမှာ ဖြစ်တယ်” ဟု နိုင်ဗညားလယ်က ထပ်ပြောသည်။
လက်ရှိ မွန်ပြည်သစ်ပါတီ NMSP-AD အနေဖြင့် နိုင်ငံရေးစနစ် ဘယ်လိုပဲပြောင်းပြောင်း ဘယ်အစိုးရတက်တက် တစ်မျိုးသားလုံးအခွင့်အရေးအတွက် အမျိုးသားလွတ်မြောက်ရေးကို အခြေခံပြီး ဘဝတူ တော်လှန်ရေးအင်အားစုများနှင့် ဆက်လက်ကြိုးစား တိုက်ပွဲဝင်လျှက်ရှိဟု ဆိုသည်။