ရွေးကောက်ပွဲကိုအကြောင်းပြ၍ အာဏာသိမ်းထားသဖြင့် စစ်ကောင်စီမှ မဖြစ်မနေ ရွေးကောက်ပွဲ လုပ်ဆောင်နေရသည့်အပြင် ပွင့်လင်းမြင်သာမှုရှိမည်မဟုတ်သဖြင့် ပြည်သူများနှင့်နည်းတူ လက်မခံနိုင်ကြောင်း မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာက IMNA နှင့် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် မှတ်ချက်ပြုပြောဆိုထားသည်။
ပြည်သူများအမှန်တကယ်အားကိုအားထားပြုမည့် ရွေးကောက်ပွဲကျင်းပမည်ဆိုပါက အင်အားကြီးနိုင်ငံရေးပါတီများကိုလည်း ပါဝင်ခွင့်ပြုရမည်ဖြစ်ပြီး အာဏာသုံးရန်မသင့်ကြောင်း နိုင်ဟံသာက ဆိုသည်။

"အဓိပ္ပါယ်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ဆက်ပြီးတော့ကိုင်ထားချင်သေးတယ်၊ ဒီရွေးကောက်ပွဲက မှန်မှန်ကန်မဖြစ်နိုင်ဘူး၊လုပ်မယ်ဆိုရင်တောင် ပဋိပက္ခကပိုပြီးတော့ ကြီးထွားလာနိုင်တယ်၊ နောက်ဆုံးရွေးကောက်ပွဲကို အောင်မြင်ပြီးစီးနိုင်ခဲ့မယ်ဆိုရင်တောင် တစ်ပိုင်းတစ်စပဲ လုပ်နိုင်ခဲ့မှာ"ဟု သူက ပြောသည်။
လက်နက်ကိုင် ပဋိပက္ခကြောင့်နေရာအနှံ့ မလုပ်ဆောင်နိုင်သည့်အပြင် လုပ်ဆောင်မည့်နေရာများကိုလည်း တော်လှန်ရေးအင်အားစုများက ဆန့်ကျင်သွားမည်ဖြစ်သဖြင့် ပဋိပက္ခအခြေအနေ ပိုမိုကြီးကျယ်ပြန့်နိုင်သည်ဟုလည်း ၎င်းကသုံးသပ်ပြောဆိုသည်။
ရွေးကောက်ပွဲတစ်ရပ်ဖြစ်ရေး၊ မသမာမှုကင်းသည့် ရွေးကောက်ပွဲဖြစ်စေရေးနှင့် မဲမသမာမှုမရှိစေရေးအတွက် အီလက်ထရွန်းနစ်မဲပေးစက်များကို ငွေကြေးအကုန်ကျခံ၍ အသုံးပြုသွားမည်ဖြစ်သဖြင့် မည်ကဲ့သို့သော အမှားအယွင်းရှိလာမည်မဟုတ်ကြောင်းစစ်ခေါင်းဆောင်မှ ၎င်း၏ကော်မရှင်အစည်းအဝေးတွင် မကြာခဏ ပြောဆိုလျှက်ရှိသည်။
စက်ပစ္စည်းများကိုအသုံးပြုခြင်း၊ နိုင်ငံရေးပါတီတီအားလုံး ပါဝင်ခွင့်မပြုထားခြင်းနှင့် ပြည်သူများဆန့်ကျင်နေချိန်တွင် အလိမ်အညာနည်းဖြင့်သာ ၎င်းတို့အာဏာဆက်လက်တည်တန့်ရန် ရွေးကောက်ပွဲတွင်မဲအနိုင်ရရှိရန် ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ဟံသာက ဆက်ပြောသည်။
"ဘယ်သူမှလည်း ရွေးကောက်ပွဲကို မယုံကြည်နေဘူးလို့ထင်တယ်၊ ရိုးသားမှာလည်းမဟုတ်ဘူး မဲတွေကိုလည်းစက်ပစ္စည်းနဲ့ ရေတွက်မှာဖြစ်တဲ့အတွက် လိမ်မယ်ဆိုရင် သူများကသိပ်သိသာမှာမဟုတ်ဘူးလေ၊ လုပ်မယ်ဆိုရင် သူတို့နိုင်အောင်လည်းလုပ်မှာပဲလေ၊ ဒါ့ကြောင့်လည်း အခြား NLD တို့လို အင်အားကြီးပါတီတွေကို ကန့်သတ်ထားတာ"ဟု ပြောသည်။
လက်ရှိတွင် နိုင်ငံ၊ မြို့ပြနှင့် ရပ်/ကျေးအဆင့်အားလုံးတွင် စစ်ခေါင်းဆောင်အဖွဲ့က ရွေးကောက်ပွဲပြင်ဆင်ဆောင်ရွက်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေကြသည်။
ရွေးကောက်ပွဲတွင် ပါဝင်မည့်နိုင်ငံရေးပါတီဝင်များ၊ ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးသည့်ကာလမှ မဲပေးသည့်ကာလအထိ လုံခြုံစွာဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရန်ဆိုကာ အကာအကွယ်ပေးသွားမည်ဖြစ်သည်ဟုလည်း စစ်ခေါင်းဆောင်က ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်သည့် ၎င်း၏ကော်မရှင်အစည်းအဝေးတွင် ပြောဆိုထားသည်။
စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(သို့မဟုတ်) ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း မြို့နယ်ပေါင်း ၂၆၇ မြို့နယ်တွင် ကျင်းပသွားမည်ဟု ပြောဆိုထားပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၅၄ ပါတီရှိသည်။