Tuesday, March 10, 2026
More
    spot_img
    Homeသတင်းသဘာဝဘေးကြောင့် လူ ၂ ဦးသေဆုံး၊ ၁၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ

    သဘာဝဘေးကြောင့် လူ ၂ ဦးသေဆုံး၊ ၁၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ

    -

    မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင် သဘာဝဘေးကြောင့် လူ ၂ ဦးသေဆုံးကာ၊ ၁၀ ဦးထက်မနည်း ထိခိုက်မှုရှိခဲ့သည်ဟု မြေပြင်တွင် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံမှ သိရသည်။

    ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့မှစ၍ ယနေ့ဇူလိုင်လ ၃၁ ရက်နေ့အထိ ဝီဖာမုန်တိုင်းအရှိန်ကြောင့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း လေပြင်းနှင့် လေဆင်နှာမောင်းတိုက်ခတ်ခဲ့သည့်အပြင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်လည်း ရေကြီးရေလျှံမှုဖြစ်ပွားနေဆဲဖြစ်သည်။

    ဘားအံမြို့နယ်တွင် မင်းဇီရွာနှင့် ပေါ့်ထော်ရွာအကြားတွင် ရေကြီးရေလျှံမှုဖြစ်နေစဥ် ဇူလိုင် ၂၈ ရက်နေ့က လှေမှောက်၍ အမျိုးသားတစ်ဦး ရေထဲမျောပါ ပျောက်ဆုံးနေပြီး အသက်ရှင်နိုင်ခြေနည်းသည့်အပြင် ရာသီဥတုအခြေအနေကြောင့် ရှာဖွေရေးရပ်နားထားရသည်ဟု ပါဝင်ကူညီနေသည့် လူမှုကူညီကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။၏

    “ဖြစ်ပုံက ယောကျာ်းလေး ၃ ယောက် လှေနဲ့သွားနေရင်း လှေမှောက်ပြီး တစ်ဦးက ရေထဲနစ်ပြီး ပျောက်သွားတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေတော့ ရေငုပ်ပြီးရှာနေတာပဲ။ မိုးလည်းကြီးရေလည်းတက်နေတော့ ရှာလို့မတွေ့သေးဘူး”ဟု သူက ပြောသည်။

    ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့တွင်လည်း ကော့ကရိတ်မြို့နယ်၊ နဘူးကျေးရွာနှင့် နောင်တပွဲကျေးရွာအကြားတွင် မသန်စွမ်းစစ်ဘေးရှောင်အမျိုးသားတစ်ဦး မော်တော်ဆိုင်ကယ်ဖြင့် လမ်းဖြတ်ကူးစဉ် ရေစီးအတိုင်းမျောပါပြီး သေဆုံးသွားခဲ့သေးသည်။

    လေပြင်းနှင့် လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သည့် မြဝတီမြို့၊ အမှတ် ၅ ရပ်ကွက်တွင် နေအိမ်ပေါ်သို့ သစ်ပင်ကျိုးကျပြီး ကလေးငယ်တစ်ဦးပိမိကာ ခြေတစ်ဖက်ကျိုးသည့်အပြင် ကျောက်ကပ်ဒဏ်ရာ ရရှိသွားသည်ဟု မြဝတီသတင်းအရင်းအမြစ်များအရ သိရသည်။

    ၎င်းအပြင် မွန်ပြည်နယ်၊ ဘီးလင်း၊ ကျိုက်ထို၊ သထုံ၊ ပေါင်၊ သံဖြူဇရပ်၊ ရေးမြို့နယ်မှ လေပြင်းကြောင့် ဒေသခံ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သစ်ပင်၊ ဓာတ်တိုင်များကျိုးကျကာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများအပါအဝင် နေအိမ်ရာနှင့်ချီ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည်။

    “ဒဏ်ရာရတဲ့သူအများစုက လေဆင်နှာမောင်းတိုက်ခတ်တုန်းက သစ်ပင်ကျိုးကျလို့ထိတဲ့သူတွေ အိမ်ပြိုကျလို့ထိတဲ့သူတွေပဲများတယ်။ ရေကြောင့် သေဆုံးသွားတဲ့သူတော့ မွန်ပြည်နယ်မှာ မကြားမိသေးဘူး”ဟု မွန်ပြည်နယ်မှ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

    ယမန်နေ့ညနေပိုင်းအထိ သံလွင်မြစ်ရေဆက်တိုးနေသည့် ဘားအံမြို့ပေါ်အတွင်း ရေဘေးသင့်ပြည်သူ တစ်သောင်းကျော် ရေဘေးရှောင်စခန်းများ၌ ခိုလှုံနေရပြီး အစားအစာ၊ ဆေးဝါးနှင့် သောက်ရေသန့်လိုအပ်ချက်များရှိနေကြောင်း မြို့ခံများနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

    ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့တွင်လည်း သောင်ရင်းမြစ်ရေ စိုးရေအမှတ်ထက် ပြန်လည်ကျော်လွန်လာခြင်းကြောင့် ယမန်နေ့ဇူလိုင်လ ၃၀ ရက်နေ့တွင် ဒုတိယအကြိမ် ရေကြီးရေလျှံမှုထပ်မံဖြစ်ပွားနေသည်ဟု သတင်းအရင်းအမြစ်များအရ သိရသည်။

    ၂၀၂၄ ခုနှစ် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင် ရေကြီးရေလျှံမှုဖြစ်စဉ်အတွင်း ကလေး အပါအဝင် လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ပျောက်ဆုံးသူတို့လည်းရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks