Thursday, March 12, 2026
More
    spot_img
    Homeသတင်းမွန်နှင့် ရန်ကုန်တိုင်းရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား၊ သူ ၂ ဦး ဆက်တိုက်သေဆုံးမှု ဖြစ်ပွားခဲ့

    မွန်နှင့် ရန်ကုန်တိုင်းရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား၊ သူ ၂ ဦး ဆက်တိုက်သေဆုံးမှု ဖြစ်ပွားခဲ့

    -

    စစ်ကောင်စီထိန်းချူပ်ထားသည့် မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အကျဉ်းထောင်ထဲမှ နိုင်ငံရေးအကျဉ်းသား၊ အကျဥ်းသူ ၂ ဦး ဆက်တိုက်သေဆုံးမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။

    ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့က မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သထုံအကျဉ်းထောင်တွင် အကျဉ်းကျခံနေသည့် အသက် (၄၄) နှစ်အရွယ်ရှိ နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သူ ကိုပြည့်စုံအောင်က ဆေးကုသမှုလုံလောက်စွာ မရရှိသည့်အတွက် သေဆုံးခဲ့ရသည်။

    ကိုပြည့်စုံအောင်က ဘီးလင်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ၏ ဗဟိုအလုပ်မှုဆောင်တစ်ဦး ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် ဖမ်းဆီးခံရပြီး ပုဒ်မ ၅၂ (က) နှင့် ၅၀၅ (က) ဖြင့် ဘီးလင်းအထူးတရားရုံးတွင် အမှုဖွင့်ပြီး ထောင်ဒဏ် (၆) နှစ် ကျခံနေသူဖြစ်သည်။

    အလားတူ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်နေ့က ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းကျခံနေသည့် အသက် (၂၆) နှစ်အရွယ်ရှိ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်ဆောင် မဝတ်ရည်အောင်က စစ်ကြောရေးအတွင်း ညှင်ပန်းနှိပ်စက်မှုဒဏ်ရာများဖြင့် သေဆုံးခဲ့ရသည်။

    မဝတ်ရည်အောင်ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၃ နှစ်၊ ၂၀၂၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် ၄ နှစ် စုစုပေါင်း ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသူ ဖြစ်သည်။

    စစ်အာဏာသိမ်းသည့်နောက် အကျဉ်းထောင်ထဲတွင် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်း၊ အကျဉ်းဦးစီးဝန်ထမ်းများ၊ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ညှင်ပန်းနှိပ်စက်ခြင်း၊ စစ်ကြောရေးတွင် ပို့ဆောင်ခံရပြီး ရရှိလာသည့် ဒဏ်ရာများဖြင့် သေဆုံးမှုဖြစ်စဉ်တို့က အများဆုံး ဖြစ်ပွားနေသည်ဟု PPMN က ဆိုသည်။

    “အကျဉ်းသားအများစုက ထောင်ထဲရောက်လာတဲ့အခါ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမရရှိတဲ့ အတွက် သေဆုံးရတာ ဖြစ်တယ်။ နောက်တစ်ချက်က စစ်ကြောရေးကနေပြီးတော့ ညှင်ပန်းနှိပ်စက်မှုကြောင့် ရရှိလာတဲ့ ဒဏ်ရာတွေကနေတစ်ဆင့် အကျဉ်းထောင်ထဲရောက်လာတဲ့အခါ သေဆုံးရတာ ရှိတယ်။ နောက်တစ်မျိုးက နိဂိုကတည်းက ရောဂါအခံမရှိတဲ့လူတွေကလည်း ထောင်ထဲ ရောက်လာပြီးတော့ ထောင်ထဲက အနေအထိုင်အစားအသောက်အခြေအနေရယ်၊ လူအများနဲ့နေရတဲ့အတွက် အဲကနေရလာတဲ့ရောဂါတွေကြောင့် သေဆုံးနေရတာ ရှိတယ်။ နောက်တစ်ချက်က ထောင်ပြင်ပက ရဲတွေနဲ့ စစ်တပ်တွေရဲ့ ခေါ်ထုတ်ညှင်ပန်းနှိပ်စက်မှုကြောင့် အဲလို သေဆုံးမှုမျိုးတွေက အဖြစ်များပါတယ်” ဟု PPNM မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

    အဆိုပါကိစ္စရပ်များကြောင့် ၂၀၂၅ ခုနှစ်အတွင်း အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား၊ သူပေါင်း ၁၆ ဦး သေဆုံးခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

    ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းသည့်နောက် ဖမ်းဆီးခံရသူပေါင်း သုံးသောင်းနီးပါးရှိပြီး၊ နှစ်သောင်းနီးပါးတို့က ဆက်လက်ထိန်းသိမ်းခံရကာ တစ်သောင်းကျော်တို့က ထောင်ဒဏ်ချမှတ်ခံထားရ သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ဇူလိုင် ၂၁ ရက်နေ့က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks