Saturday, March 14, 2026
More
    spot_img
    Homeသတင်းစစ်ဆေးကန့်သတ်မှုများနေ၍ မိုးစပါးချေးငွေ ထုတ်ချေးသူနည်းပါး

    စစ်ဆေးကန့်သတ်မှုများနေ၍ မိုးစပါးချေးငွေ ထုတ်ချေးသူနည်းပါး

    -

    မွန်ပြည်နယ်အတွင်းရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)များမှ မိုးစပါးချေးငွေကို ထုတ်ချေပေးရာတွင် မြေယာသက်သေအထောက်အထား ပုံစံ(၇)ပါ အမည်ပေါက်သူတို့ ကိုယ်တိုင်လာရောက်မှ ထုတ်ချေးပေးနေသည့်အပြင် အခြားစစ်ဆေးကန့်သတ်ချက်တို့လည်း များနေသဖြင့် မိုးစပါးချေးငွေ ထုတ်ချေးသူနည်းပါးနေကြောင်း တောင်သူတို့က ဆိုသည်။

    ယမန်နှစ်တို့တွင် မိုးစပါးချေးငွေကို ပုံစံ(၇) ပါ အမည်ပေါက်သူတို့ မဟုတ်ဘဲ မိသားစုဝင်တစ်ဦးဦးမှ ကိုယ်စားလာရောက်ထုတ်ယူနိုင်သော်လည်း  ယခုနှစ်တွင် ငွေကြေးအလွဲသုံးစားပြုလုပ်ခြင်းမှ မဖြစ်စေရန်ဟုဆိုကာ ပုံစံ(၇) တွင်ပါရှိသည့် အမည်ပေါက်သူကိုယ်တိုင် လာရောက်မှ ထုတ်ချေးပေးနေသည်ဟု သိရသည်။

    “ မိုးစပါးချေးငွေက ပုံစံ(၇) ထဲမှာ ရှိတဲ့နာမည်ကပဲ ကိုယ်တိုင်သွားထုတ်ရမှာ အဲ့နာမည်မဟုတ်ရင် သူတို့ မထုတ်ပေးတော့ဘူး အရင်နှစ်တွေက ကိုယ်စားသွားထုတ်ရင်ရတယ် ဒီနှစ်ကမရတော့ဘူးတဲ့ တကယ်လို့ ပုံစံ(၇)ပိုင်ရှင်ကိုယ်တိုင်က မရှိတော့ဘူးဆိုရင် နာမည်ပြောင်းမှရမယ် ကိုယ်စားထုတ်ရင် သူတို့က ဒီချေးငွေကို အလွှဲသုံးစားလုပ်သွားမှာ‌ ကြောက်လို့တဲ့ အဲကြောင့် ပုံစံ(၇)ပိုင်ရှင်ကိုယ်တိုင်သွားထုတ်မှ ချေးငွေကို ထုတ်ပေးမယ်”ဟု မုဒုံမြို့နယ်မှ တောင်သူအမျိုးသမီးတစ်ဦးက ပြောသည်။

    အဆိုပါ ပုံစံ (၇)၏ မူလအမည်ပေါက်ကို အခြားအမည်သို့ ပြောင်းလဲလိုလျှင် သက်ဆိုင်ရာအုပ်ချုပ်ရေးရုံးတွင် လုပ်ဆောင်ရမည်ဖြစ်ပြီး အိမ်ထောင်စုစာရင်းပါ မိသားစုဝင်အားလုံး၏ လက်မှတ်သက်သေတို့လိုအပ်သဖြင့် ပြောင်းလဲရန် အခက်အခဲရှိနေသည်ဟုလည်း ဆိုသည်။

    ထို့အပြင် စာရွက်စာတမ်း အချက်အလက်များကို ပိုမိုတောင်းဆိုနေပြီး လိုအပ်သည်ထက် စစ်ဆေးခံနေရသဖြင့် မိုးစပါးချေးငွေချေးသူနည်းပါးသွားကြောင်း ရေးမှ စပါးတောင်သူတစ်ဦးက ဆိုသည်။

    “ကျနော်တို့က ဒီမိုးစပါးချေးငွေကို နှစ်တိုင်းယူတယ် ဒီနှစ်ကအရင်နှစ်ကနဲ့မတူဘူး သူတို့သေချာစစ်တယ် ခါတိုင်းဆို ကျနော်ပဲ ထုတ်နေတယ်ဆိုတော့ ကျနော့်မှတ်ပုံတင်ပဲယူတယ် ဒီနှစ်က ကျွန်တော်မိန်းမမှတ်ပုံတင်လဲယူရတယ် ”ဟု ပြောသည်။

    မိုးစပါးစိုက် တောင်သူများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးစပါးစိုက်ချေးငွေများကို အတိုး ၂ ရာခိုင်နှုန်း၊ တစ်ဧကလျှင် တစ်သိန်းခွဲဖြင့် ပြီးခဲ့သည့်မေလတတိယအပတ်မှစ၍ မြို့နယ်အလိုက် ထုတ်ချေးပေးနေသည်ဟု သိရသည်။

    ထို့သို့ထုတ်ချေးရာတွင် သက်ဆိုင်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)တို့၌ တစ်ရွာလျှင်တစ်ရက်နှုန်းဖြင့် ထုတ်ချေးပေးနေကြောင်း၊ ယခင်နှစ် ချေးငွေကို ပြန်ဆပ်ရန်နောက်ကျခဲ့သည့်ရွာတို့ကို နောက်ဆုံးအလှည့်ကျမှ ထုတ်ချေးပေးသဖြင့် မိုးစပါးစိုက်ပျိုးချိန်အမီ ချေးငွေမရရှိမည်ကိုလည်း တောင်သူတို့ စိုးရိမ်နေသည်။

    ချေးငွေယူထားသည့် လယ်သမားများအနေဖြင့်  မိုးစပါးပေါ်ပြီး ရိတ်သိမ်းရောင်းချချိန်ဖြစ်သည့် ဇန်နဝါရီလတွင် ချေးငွေများကို ပြန်ဆပ်ပေးရန် သတ်မှတ်ထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks