spot_img
Friday, July 18, 2025
More
    spot_img
    Homeသတင်းမွန်အမျိုးသားကျန်းမာရေးကော်မတီ MNHC မှ အခြေခံဓာတ်ခွဲသင်တန်းကျောင်း အပတ်စဉ်( ၁၀ ) ဖွင့်လှစ်သွားမည်

    မွန်အမျိုးသားကျန်းမာရေးကော်မတီ MNHC မှ အခြေခံဓာတ်ခွဲသင်တန်းကျောင်း အပတ်စဉ်( ၁၀ ) ဖွင့်လှစ်သွားမည်

    -

    မွန်ပြည်ပါတီလက်အောက်ရှိ မွန်အမျိုးသားကျန်မာရေးကော်မတီ MNHC (ဗဟို) မှ ဦးဆောင်ပြီး အခြေခံဓာတ်ခွဲသင်တန်းကျောင်း အပတ်စဉ် (၁၀) ကို ဖွင့်လှစ်သွားရန်ရှိသည်ဟု MNHC ၏ ထုတ်ပြန်ချက်အရ သိရသည်။

    အခြေခံဓာတ်ခွဲသင်တန်းကျောင်း( Basic Laboratory Training ) အပတ်စဉ် (၁၀)ကို လာမည့်အောက်တိုဘာလတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး စိတ်ဝင်စားသူအနေဖြင့် လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    လျှောက်ထားလိုသူများသည် ပညာအရည်အချင်းအားဖြင့် အနည်းဆုံး ၁၀ တန်း စနစ်ဟောင်း(သို့) စနစ်သစ် Grade-11 အထိရှိထားရမည့်အပြင် အခြေခံအင်္ဂလိပ်စာကိုလည်း အထိုက်အလျောက် တတ်မြောက်သူဖြစ်ရမည်ဖြစ်ပြီး မွန်၊ မြန်မာစာကို ရေးတတ်၊ ဖတ်တတ်နိုင်ရန် လိုအပ်ကြောင်းလည်း ဆိုသည်။

    “ကျောင်းက ၃လ တက်ရမယ်လို့ပြောထားပေမယ့်လည်း တကယ်သင်တဲ့အခါမှာ ၄ လ ၅ လ လောက် အချိန်ယူရတယ်။ ပြီးခဲ့နှစ်ကျောင်းသားတွေက ပညာအရည်အချင်းနဲ့ပတ်သက်ပြီး လျှော့ပေးထားတော့ ကျောင်းသားတွေအပေါ်မှာလည်းမူတည်တယ်လေ၊ အဲ့ဒါကြောင့် အခုရွေးချယ်တဲ့အခါမှာ ပညာအရည် အချင်းအနည်းငယ်မြှင့်ထားတယ်။ ပညာအရည်းအချင်းပြန်မြှင့်လိုက်တာက စာတွေလည်း လိုက်နိုင်အောင်ပေါ့လေ”ဟု မွန်အမျိုးသားကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    အခြေခံဓာတ်ခွဲသင်တန်းကျောင်းကို မွန်အမျိုးသားကျန်းမာရေးကော်မတီမှ ၃ နှစ် တစ်ကြိမ် ဖွင့်လှစ်လေ့ရှိပြီး အပတ်စဉ်တစ်ခုလျှင် ကျောင်းသားအရေအတွက် ပျမ်းမျှ ၂၀ ဝန်းကျင်ခန့် လက်ခံသင်ကြားပေးနေသည်။

    မွန်အမျိုးသားကျန်းမာရေးကော်မတီ MNHC မှ ရေးချောင်းဖျားဒေသရှိ ဗဟိုဌာနချုပ်နှင့် အနီးဝန်းကျင်ရှိ ပနန်းပုံဆေးရုံတို့တွင် ခေတ်မီစက်ကိရိယာ၊ဓာတ်ခွဲခန်းများဖြင့် အဆင့်မြှင့်ကျန်းမာရေး ဝန်ဆောင်မှု မပေးနိုင်ခင်ကပင် အခြေခံဓာတ်ခွဲသင်တန်းကို ၃ နှစ် တစ်ကြိမ်ဖွင့်လှစ်လာခဲ့သည်ဟု သိရသည်။

    အခြေခံဓာတ်ခွဲသင်တန်းကျောင်း၏ အပတ်စဉ် ၉ အထိကို ပနန်းပုံဆေးရုံတွင် သင်ကြားပို့ချပေးခဲ့သော်လည်း ယခုနှစ်တွင် နေရာအပြောင်းလဲရှိနိုင်ကြောင်း အထက်ပါသူက ဆက်ပြောသည်။

    “ခါတိုင်းဖွင့်တဲ့ ကျောင်းက ပနန်းပုံမှာပဲ သင်ပေးနေတာ။ အဲ့မှာက လက်တွေ့ရော၊ စက်တွေနဲ့ရော သင်ပေးနေတယ်။ ဒီနှစ်တော့ အခြေအနေပေါ်မူတည်ပြီး ၂ နေရာ ယာထားတယ်။ အဓိက မီးကဘယ်နေရာမှာပိုအဆင်ပြေလဲ၊ ဆရာ/ဆရာမတွေလည်း သွားလာလို့လွယ်အောင် ဝယ်ဇင် မဟုတ်ရင် ပနန်းပုံပေါ့။ ဟိုမှာ မီးအဆင်မပြေရင်တော့ ပနန်းပုံမှာပဲ ပြန်ဖွင့်ရမယ်” ဟု ၎င်းက ဆိုသည်။

    သင်တန်းကို စိတ်ဝင်စားလိုသူများသည် နီးစပ်ရာ ကျန်းမာရေးဌာနရုံးအသီးသီးတို့တွင် ဇူလိုင်လ ၃၀ ရက်နေ့နောက်ဆုံး ထားကာ လူကိုယ်တိုင် အင်တာဗျူးလာရောက်ဖြေဆိုနိုင်ပြီး မိဘ(သို့) အုပ်ချုပ်သူ တစ်ဦးဦးလိုက်ပါလာရမည်ဖြစ်ကြောင်း သိရသည်။

    အင်တာဗျူးဖြေဆိုပြီးနောက် ရွေးချယ်ခံရသည့်သူများသည် အဆိုပါသင်တန်းကျောင်းကို ( ၃ )လကြာ တက်ရောက်ရမည့်အပြင် ကျောင်းပြီးပါကလည်း မွန်အမျိုးသားကျန်းမာရေးဌာနတွင် ၃ နှစ်သာ တာဝန်ထမ်းဆောင်ရမည်ဟု သိရသည်။

    တာဝန်ထမ်းဆောင်ပြီးပါက မွန်အမျိုးသားကျန်းမာရေးကော်မတီ  MNHC မှ ဖွင့်လှစ်နေသည့် အခြေခံဆေးသင်တန်းကျောင်းတွင်လည်း တက်ရောက်နိုင်ခွင့်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

    မွန်အမျိုးသားကျန်းမာရေးကော်မတီ MNHC အနေဖြင့် လက်ရှိတွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ နယ်မြေနှင့် အခြားမွန်ဒေသတို့တွင် ဆေးရုံ ၂၀ နှင့် ကျန်းမာရေးဆေးပေးခန်း ( ၁၈ )ခု၊ ကျန်းမာရေးဝန်ထမ်းနှင့် ရုံးဝန်ထမ်း စုစုပေါင်း ( ၁၃၀ )ကျော်ဖြင့် လည်ပတ်လျက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,900SubscribersSubscribe
    spot_img

    Latest posts