လယ်ယာလုပ်ငန်းအတွက် လူငယ်လူရွယ်နှင့် အလုပ်အလုပ်ကိုင်နိုင်သည့် အင်အားရှိသူတို့ နည်းပါးသွားသဖြင့် နှစ်စဉ်မိုးစပါးပျိုးချိန်တွင် မွန်ဒေသတွင်း လုပ်သားရှာဖွေရန် ခက်ခဲသည့် ပြဿနာနှင့် ရင်ဆိုင်နေရသည်။
လုပ်သားခေါ်ယူ၍ခက်ခဲသည့် ပြဿနာကို တောင်သူတို့ရင်ဆိုင်နေရသည်မှာ ယခုနှစ် ၂၀၂၅ ခုနှစ်တွင် အဆိုးဆုံးဖြစ်လာနိုင်သည်ဟုလည်း တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးလုပ်ငန်းအထောက်အကူပေးရေးအဖွဲ့တို့မှ ပြောဆိုလျှက်ရှိသည်။
လုပ်သားရှာဖွေရန် ခက်ခဲနေခြင်းကြောင့်လည်း မိုးစပါးစိုက်လုပ်သားတို့ကို ဈေးနှုန်းကြီးပေးဆောင်ကာ ငှားရမ်းနေရသည်ဟု ကမာဝက်မှ စပါးစိုက်တောင်သူတစ်ဦးက ဆိုသည်။

"နိုင်ငံရေးစမကောင်းတဲ့အချိန်ကစပြီးတော့ မွန်ဘက်က အလုပ်သမားတွေ ရှာဖွေရတာအရမ်းခက်ခဲသွားတာ၊ ရပ်ဝေးက လုပ်သားတွေလည်း ရှာရတာမလွယ်ဘူး၊ ကိုယ့်ရွာကြားကနဲ့ ကိုယ်ဆွေမျိုးအသိုင်းအဝိုင်းကြားမှာပဲ ဈေးများများပေးပြီးတော့ အကူညီတောင်းရတဲ့ ပုံစံမျိုးပေါ့ဗျာ"ဟု စပါးတောင်သူ နိုင်ဒေ့က ပြောသည်။
လယ်အလုပ်သမားရှားပါးလာခြင်းသည် အမျိုးသားရော၊ အမျိုးသမီးပါ နည်းပါးလာခြင်းဖြစ်သည်။
နိုင်ငံရေးအကြပ်အတည်းအချိန်အတွင်း ကုန်ဈေးနှုန်းမြင့်တက်လာစဉ်တွင် လုပ်ငန်းအသီးသီးမှ လုပ်အားခတို့လည်း တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ယခုနှစ်တွင် စပါးစိုက်တောင်သူတစ်ဦး၏ တစ်ရက်လုပ်အားခ ၃၀၀၀၀ ကျပ်အထိ မြင့်တက်လာခဲ့သည်။
"မွန်ဘက်က စပါးလုပ်သားတွေကတော့ နဂိုးကတည်းကိုက ရှာရခက်နေတာ၊ အာဏာသိမ်းမှုဖြစ်ပြီး နိုင်ငံရေးရှုပ်ထွေးသွားတော့၊ အလုပ်လုပ်နိုင်တဲ့အရွယ်ဖြစ်တဲ့ သူတွေက ထိုင်းဘက်ကိုပဲသွားတော့တယ်၊ အခုကတော့ ဆွေးမျိုးကြားရယ်၊ ရွာမှ ကျန်နေတဲ့ရွေ့ပြောင်းလုပ်သားတွေလောက်ပဲရှိတော့တယ်၊ အလုပ်သမားရှာဖို့ ခက်တာကတစ်ကြောင်း၊ လယ်လုပ်ငန်းက လုပ်လို့မကိုက်တာတစ်ကြောင်းနဲ့ ဒီအတိုင်းပစ်ထားတာလည်းအများကြီးပဲ"ဟု အခြားလယ်သမားတစ်ဦးက ဆိုသည်။
အလုပ်သမားရှားပါးမှုကြောင့် တောင်သူလယ်သမား အချို့သည် လုပ်ငန်းခွင်အတွင်းအသုံးပြုသည့် လုပ်ငန်းစဉ်တို့ကို လျှော့ချလိုက်ခြင်း၊ စိုက်ပျိုးမည့် မြေဧရိယာတို့ကို အပြည့်မစိုက်ပျိုးနိုင်သည့် နောက်ဆက်တွဲ ပြဿနာများနှင့် ရင်ဆိုင်နေရသည်။
လူသားအရင်းမြစ်ရှားပါးလာသည်နှင့်အမျှ လယ်ယာလုပ်ငန်းစွန့်ခွာသူတို့များနိုင်ပြီး စပါးအထွက်နှုန်းလျော့လာနိုင်သည်ဟုလည်း တောင်သူနှင့် စိုက်ပျိုးရေး ကျွမ်းကျင်သူတို့က မှတ်ချက်ပြုကြသည်။
မွန်ဒေသအတွင်းတွင် ယခင်ကပင် ထိုင်းနိင်ငံသို့ အလုပ်လုပ်ကိုင်သူများနေခြင်းဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့် စစ်မှုထမ်းဥပဒေ ထုတ်ပြန်ထားခြင်းကြောင့် တစ်ဖက်ထိုင်းနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်မှု များလာသည်။
အလုပ်သမားရှားပါးမှုကြောင့် တောင်သူလယ်သမား အချို့သည် လုပ်ငန်းခွင်အတွင်းအသုံးပြုသည့် လုပ်ငန်းစဉ်တို့ကို လျှော့ချလိုက်ခြင်း၊ စိုက်ပျိုးမည့် မြေဧရိယာတို့ကို အပြည့်မစိုက်ပျိုးနိုင်သည့် နောက်ဆက်တွဲ ပြဿနာတို့နှင့် ရင်ဆိုင်နေရသည်။