မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဂျိုင်းမြစ်ဒေသတစ်လျှောက်ရှိ ဒေသခံများ စစ်ကောင်စီတပ်ရင်းနှင့် တပ်စွဲထားသည့် နေရာတို့မှ လက်နက်ကြီးဖြင့် နေ့စဉ်နီးပါး ပစ်ခတ်နေမှုကြောင့် လက်နက်ကြီးအန္တရာယ် စိုးရိမ်နေရသည်ဟု ကျိုက်မရောဒေသခံများ ပြောပြချက်အရ သိရသည်။
ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အဆိုပါဒေသ၌ ကျိုက်မရောအခြေစိုက် ခမရ ၂၀၈ တပ်ရင်း၊ ဇာသပြင်အခြေစိုက် ခလရ ၈၁ တပ်ရင်းနှင့် ဓမ္မသကျေးရွာအနီးရှိ ဘုန်းကြီးကျောင်းတို့တွင် အမြှောက်လက်နက်တပ်ဆင်ကာ တပ်စွဲထားသည့်နေရာတို့မှ ကျေးရွာအတွင်းသို့ ရမ်းသမ်းပစ်ခတ်ခြင်း ဆက်တိုက်လုပ်ဆောင်လျှက် ရှိသည်။
လက်နက်ကြီးဖြင့် နေ့ရောညပါအကြိမ်ရေအမြောက်အများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေသည်ဟု ကျိုက်မရော ဒေသခံအမျိုးသားတစ်ဦး ပြောသည်။

“ဒီဘက်မှာ လက်နက်ကြီးတွေ ခဏခဏကျနေတယ်၊ မနေ့ညက ၈ နာရီလောက်မှာ ၆ လုံးလောက်ကျတယ်၊ နေ့တိုင်းလိုလိုပဲ စကစတွေက ပြစ်ချနေတာ၊ ပြီးတော့ သူတို့က ရွာအတွင်းဘက်မှာ ခြံတွေမှာဆို သူတို့ပြစ်ချတာများတယ်။ အဲကြောင့် ဒေသခံတွေက ကြောက်လန့်နေကြတော့ သွားလာမှုတောင်မရှိဘူး ” ဟု ဆိုသည်။
ထို့အခြေအနေများကြောင့် ဂျိုင်းမြစ်ဒေသရှိ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများက ဒေသခံပြည်သူတို့ အရေးကြီးကိစ္စကြောင့်ဖြစ်စေ၊ သာမန်ကိစ္စဖြင့်ဖြစ်စေ သွားလာရန်လိုအပ်ပါက ၎င်းတို့ကို ကြိုတင်အသိပေးရန် ပြောဆိုထားကြောင်းလည်း ဆိုသည်။
ဂျိုင်းမြစ်တစ်လျှောက်ရှိ ကော့ပလိုင်၊ ဓမ္မသ၊ သံကလောင်၊ တရနာ၊ ကော့ဘိန်း စသည့် ကျေးရွာရှိ ဒေသခံများအနေဖြင့် လက်ရှိတွင် လူထိခိုက်သေဆုံးမှုမရှိသော်လည် နေအိမ်ထိခိုက်ပျက်စီးမှုများရှိနေကြောင်း သိရသည်။
စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကြောင့် ဒေသခံများ ဥယျာဉ်ခြံနှင့် လယ်ယာလုပ်ငန်းခွင်သို့ မသွားလာနိုင်ဘဲ တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သည့်ဒေသခံတို့ မြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်သူတို့လည်း ရှိနေသည်။
“ဒီလမှာတော့ ထိခိုက်တဲ့သူတွေမရှိသေဘူး။ ပြီးခဲ့တဲ့ ၆ လပိုင်းလောက်မှာဆို ၅ ယောက်လောက် ထိသွားတယ်။ လက်ထွန်းသမား၊ ဒေသခံတွေ၊ ခလေးတွေ ထိခိုက်ဒဏ်ရာရရှိတာ၊ သေသွားတာလည်း ရှိတယ်။ အဲကြောင့် ဘယ်သွားသွား သတိရှိရှိနဲ့ သွားလာနေရတယ်” ဟု ကော့စွယ်ဒေသခံ တောင်သူအမျိုးသားတစ်ဦးက ပြောသည်။
လက်နက်ကြီးကျရောက်နိုင်သည့်နေရာတို့တွင် ထိခိုက်မှုနည်းစေရန် ကြိုတင်ပြင်ဆင်မှုတို့ဆိုင်ရာ လုပ်ငန်းတို့ကို ရွာအတွင်းရှိဒေသခံနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှုးတို့က ဆောင်ရွက်နေကြသည်။
ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့ကလည်း ကျုံဒိုးမြို့နယ်၊မြောက်ကြာအင်းကျေးရွာတွင် စစ်ကောင်ီ၏ တပ်သစ်အမြှောက်ကုန်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါကျေးရွာမှ ကုန်မြင့်သာယာရပ်ကွက်နေ ကလေးငယ် ၄ ဦး ထိမှန်ဒဏ်ရာရ ခဲ့သည်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ဂျိုင်းမြစ်တစ်လျှောက် ကျေးရွာများအကြားတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး ဒေသတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် လှမ်းပစ်နေသည့်အပြင် လေကြောင်း တိုက်ခိုက်ပါ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လူထိခိုက်သေဆုံးခြင်း၊ လူနေအိမ်၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးမှုလည်း အများအပြားရှိခဲ့သည်။