မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။
တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီအမှတ် (၃၁၀) အမြှောက်တပ်မှ ဇွန်လ ၂၉ ရက်နေ့က အရပ်သားပြည်သူများ နေထိုင်သည့် ကျေးရွာဘက် လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီအမြှောက်တပ်မှ ပစ်ခတ်သည့်လက်နက်ကြီး ၂ လုံးသည် ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာအုပ်စု ကျောက်ရေတွင်းရွာရှိ လူနေအိမ်အနီး ကျရောက်ပေါက်ကွဲခဲ့သည်။

ထိုလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေါ်ဌေး အမည်ရှိ အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရရှိသည့်အပြင် နေအိမ်လည်း ထိခိုက်ပျက်စီးခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။
အလားတူ ဘီးလင်းမြို့နယ်၊ မြစ်ကျိုးကျေးရွာအုပ်စု၊ လေးကေကျေးရွာထဲ တပ်စွဲအခြေချထားသည့် စစ်ကောင်စီ တပ်မ (၄၄) ခမရ (၂) တပ်ရင်း တပ်စခန်းမှ ဇွန်လ ၂၆ ရက်နေ့က လေးကေကျေးရွာထဲကို လက်နက်ကြီး ၆ လုံး၊ 60 mm ၃ လုံးနှင့် 40 မမ ၃ လုံး ပစ်ခတ်ခဲ့သည်။
စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်သည့် လက်နက်ကြီးများသည် လေးကေကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး ဒေသခံနေအိမ် ၄ လုံးထက်မနည်း ထိခိုက်ပျက်စီးသွားခဲ့သည်။
သထုံခရိုင်အတွင်းရှိ သထုံ၊ ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်တို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လူနေကျေးရွာများထဲကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုရှိသည့်အပြင် နေအိမ်၊ ဥယျာဉ်ခြံမြေများလည်း ထိခိုက်ပျက်စီးမှု ရှိသည်။
စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းနှင့် ဒေသတွင်း စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်လာနေသည့်အတွက် ဒေသခံပြည်သူ ထောင်နှင့်ချီတို့ကလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။