မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဂျိုင်းမြစ်တစ်လျှောက်ရှိ လယ်ယာမြေတို့တွင် မြေမြှုပ်မိုင်းနှင့် မဖယ်ရှားနိုင်သေးသည့် စစ်လက်နက်အကြွင်းအကျန်များရှိနေသော်လည်း တောင်သူတို့ မိုးစပါးစိုက်ပျိုးနေဆဲဖြစ်ကြောင်း သိရသည်။
ကော့ပလိုင်၊ ဓမ္မသ၊ သံကလောင်၊ တရနာ၊ ကော့စွယ်၊ ကော့သပ်စသည့် ဂျိုင်းမြစ်တစ်လျှောက်ရှိရွာများ၏ လယ်ယာမြေတို့တွင် စစ်ကောင်စီ တပ်စခန်း ၁၄ ခုအထိရှိနေပြီး ၎င်းတပ်စခန်းတစ်ဝိုက်တွင် မပေါက်ကွဲသေးသည့် မြေမြှပ်မိုင်းများစွာရှိနေကြောင်း ဒေသခံတို့ ပြောပြချက်အရ သိရသည်။
ထို့အပြင် ဒေသတွင်း နှစ်ဖက်တိုက်ပွဲတို့ကြောင့် ယမန်နှစ်ကပင် လယ်ယာမြေအတွင်း မဖယ်ရှားနိုင်သည့် စစ်လက်နက်အကြွင်းအကျန်တို့လည်းရှိနေပြီး စပါး ထွန်ယက်စိုက်ပျိုးစဉ် ကျွဲ၊နွား နှင့် တောင်သူတို့ မကြာခဏ ထိခိုက်ဒဏ်ရာရနေသည်ဟု သိရသည်။
သို့သော် စားဝတ်နေရေးနှင့် လယ်ယာမြေများ ပျက်စီးဆုံးရှုံးသွားမည်ကို စိုးရိမ်၍ တောင်သူအနည်းစုတို့ မိုးစပါးကို ကြဲခင်းစနစ်ဖြင့် စိုက်ပျိုးနေကြကြောင်း ကျိုက်မရော တောင်သူတစ်ဦးက ဆိုသည်။

“ကိုယ်မလုပ်ဘူးဆိုလည်း လယ်ယာမြေတွေ ပျက်စီးသွားမယ်၊ တာဝန်ရှိသူတွေ သိမ်းသွားမှာကို စိုးတယ်။ ပြီးတော့ ဒီအလုပ်ကိုပဲလုပ်နေတာ ဒါမှမလုပ်ရရင် ဘာစားရမှာလဲ မိသားစုအတွက်ကို ပိုစိတ်ပူတယ်” ဟု ကော့သပ်ရွာရှိ တောင်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်စခန်းနှင့် နီးကပ်သည့် လယ်ယာမှ တောင်သူတို့အနေဖြင့် မိုးစပါးစိုက်ပျိုးခြင်း လုံးဝရပ်နားထားရကြောင်းလည်း ဆိုသည်။
ကျိုက်မရောမြို့နယ်အတွင်းရှိ မိုးစပါး တောင်သူတို့သည် မြေမြှပ်မိုင်းအန္တရာယ်ကြောင့် ၃ နှစ်ဆက်တိုက် လယ်ယာလုပ်ငန်းမလုပ်ကိုင်နိုင်ဘဲ ဆန်ကိုဈေးကြီးပေး ဝယ်ယူစားသုံးနေရသည်။
ဒေသတွင်းတပ်စွဲထားသည့် စစ်ကောင်စီတို့က မြေမြှုပ်မိုင်းများနှင့် စစ်လက်နက်အကျန်ပစ္စည်းများကို မဖယ်ရှားပေးနိုင်သည့်အပြင် ၎င်းတို့၏ တပ်စခန်းနှင့် ပေ ၃၀ အကွာအဝေးအတွင်းရှိ လယ်ယာမြေများတို့ကိုသာ လုပ်ကိုင်ရန် သတိပေးထားကြောင်း ဆက်ပြောသည်။
“ဒီမိုင်းတွေက သူတို့တပ်နဲ့နီးတဲ့ နေရာတွေမှာ သူတို့ထောင်ထားတယ်၊ တပ်တွေက လယ်ယာမြေတွေနဲ့နီးနေတော့ လယ်ကွင်းတွေမှာ မိုင်းတွေကို သူတို့ အကုန်ထောင်ထားတယ်။ ကိုယ်တွေက သူတို့ကို ဘာမှမပြောရဲမဆိုရဲဘူး။ လယ်လုပ်ဖို့ မိုင်းတွေထိမှာကိုလည်း ကြောက်ရတယ်။ သူတို့အနီးမှာရှိတဲ့ လယ်တွေဆို အကုန်လုံးက ပစ်ထားရတယ်။ အများစုက မလုပ်ရဲဘူး” ဟု ကျိုက်မရောတောင်သူက ဆက်ပြောသည်။
မိုးရာသီတွင် မိုးရွာသွန်းမှုများပြီး မြေပြင်ပြောင်းလဲမှုများကြောင့် မြေမြှုပ်မိုင်းများနှင့် အခြားသော ပေါက်ကွဲတက်သည့် စစ်လက်နက်ကြွင်းကျန်ပစ္စည်းများသည် မူလတည်နေရာမှ ရွှေ့ပြောင်းနိုင်ခြေရှိသောကြောင့် စစ်ကောင်စီတပ်စခန်းနှင့် ဝေးသောနေရာများတွင်လည်းကောင်း၊ နေအိမ်နား၊ ခြံဝင်းများအထိအန္တရာယ် ရောက်ရှိသွားနိုင်သဖြင့် အသွားအလာသတိရှိရန် မြေမြှပ်မိုင်းအရေး လှုပ်ရှားသူတို့က အသိပေးပြောဆိုထားသည်။
ပြီးခဲ့သည် မေလအတွင်း ကျိုက်မရောမြို့နယ်တွင် မြေမြှပ်မိုင်းနင်းမိ ပေါက်ကွဲမှုဖြစ်စဉ် ၂ ကြိမ်ထက်နည်းဖြစ်ပွါးခဲ့ပြီး ကလေးငယ်တစ်ဦးနှင့် လယ်ယာလုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ကျိူက်မရောမြို့နယ်သည် တော်လှန်ရေးလှုပ်ရှားမှု အားကောင်းသည့်နယ်မြေဖြစ်တာကြောင့် နယ်မြေရှင်းလင်းနိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ပြီး စစ်ကောင်စီမှ အင်အားဖြည့်တင်းလာသလို ၎င်းတို့တပ်စွဲထားသည့် နေရာများကို တော်လှန်ရေးပူးပေါင်းတပ်တို့က မကြာခဏ တိုက်ခိုက်လျှက်ရှိကြောင်း သိရသည်။