Tuesday, March 17, 2026
More
    spot_img
    Homeသတင်းမဲဆောက်တွင် တစ်လနီးပါးကြာ အဖမ်းအဆီးကြမ်းနေ

    မဲဆောက်တွင် တစ်လနီးပါးကြာ အဖမ်းအဆီးကြမ်းနေ

    -

    ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် နေထိုင်နေသည့် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို စီမံချက်ဖြင့် ထိုင်းအာဏာပိုင်တို့က တစ်လနီးပါးကြာ အဖမ်းအဆီးကြမ်းနေသည်ဟု မဲဆောက်မြို့ရှိ မြန်မာရွေ့ပြောင်းလုပ်သားတို့က ဆိုသည်။

    ထိုင်းအာဏာပိုင်တို့က ပြီးခဲ့သည့် ဇွန်လပထမအပတ်မှစ၍ တရားမဝင်နယ်စပ်ဖြတ်ကျော်သူများ၊ ကန့်သတ်ထားသည့်အလုပ်လုပ်ကိုင်နေသူများ၊ အထောက်အထားမပြည့်စုံသူများအပြင် အထောက်အထားရှိသည့် ရွေ့ပြောင်းလုပ်သားတို့ကိုလည်း ဆက်တိုက်ဖမ်းဆီးနေသည်။

     နေအိမ်၊ ဈေး၊ လမ်းမပေါ်တို့အထိ လိုက်လံဖမ်းဆီးနေပြီး မြိုအတွင်း အလုပ်လုပ်ကိုင်နေကြသည့် အထောက်အထားရှိသူတို့လည်း အခက်တွေ့နေသည်ဟု မဲဆောက်မြို့ပေါ်နေ မွန်ရွေ့ပြောင်းလုပ်သားတစ်ဦးက ပြောသည်။

    “ဒီတစ်ခါဖမ်းတဲ့ပုံစံက အရင်လိုတွေ့နေရတဲ့ပုံစံမဟုတ်ဘူး။ ဈေးအထိဝင်ပြီးတော့ ထွက်ပြေးရင် လိုက်ဖမ်းတာတို့ ကြောက်လို့ထွက်ပြေးတဲ့သူကိုလည်း လမ်းကြိုလမ်းကြားမှာစောင့်ဖမ်းတာတို့ အဲ့လိုတွေပေါ့။ နေလာတဲ့ ၅ နှစ်အတွင်းမှာ ဒီလိုမျိုးဖမ်းတာ တခါမှမကြုံဖူးဘူး။ အရင်ကဆို ရှောင်တခင်စစ်တာတို့ ဂိတ်ချစစ်ဆေးတာတို့ ဒီတခါက အရမ်းကိုဆိုးဝါးလွန်းတယ်” ဟု သူက ပြောသည်။

    လက်ရှိ ဖမ်းဆီးစစ်ဆေးမှုသည် ယခင်ဖမ်းဆီးမှုမျိုးနှင့် မတူဘဲ ဒုစရိုက်သမားကဲ့သို့ ဖမ်းဆီးနေခြင်းသဖြင့် ရွေ့ပြောင်းလုပ်သားတို့အတွက် ကိုယ်ရေးကိုယ်တာချိုးဖောက်ခံရသကဲ့သို့ ဖြစ်နေသည်ဟုလည်း ဆိုသည်။

    အထူးသဖြင့် ရွေ့ပြောင်းလာသည့် မြန်မာလုပ်သားတို့သည် ဒေသခံ ထိုင်းလူမျိုးတို့၏ အလုပ်အကိုင် လုယူနေသည့်အချက်ဖြင့် ဒေသခံထိုင်းတို့၏ တိုင်တန်းမှု၊ ထိုင်းမျိုးချစ်တို့၏ သွေးထိုးလှုပ်ဆော်နေမှုနှင့် ရွေးကောက်ခံအမတ်တို့က မဲဆန္ဒရှင်တို့အလိုကျ လုပ်ဆောင်နေမှု စသည့်အကြောင်းအရင်းတို့ဖြင့် ဖမ်းဆီးခံနေကြောင်းလည်း မြန်မာရွေ့ပြောင်းလုပ်သမားအရေး ဆောင်ရွက်သူတို့က သုံးသပ်လျှက်ရှိသည်။

     ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံရသူတို့သည် work permit တွင်ပါရှိသည့်အလုပ်နှင့် မိမိလုပ်ကိုင်နေသည့် အလုပ်မကိုက်ညီပါက အလုပ်ပြောင်းရန်၊ ဒဏ်ကြေးဆောင်စေရန် ဖိအားပေးလျှက်ရှိပြီး မလိုက်နာသူတို့ကို  မြဝတီဘက်သို့ပြန်လည်ပို့ဆောင်နေကြောင်းလည်း သိရသည်။

    “ အထောက်အထားပြည့်စုံရင်လည်း ဧည့်စာရင်းမတိုင်ထားလို့ဖမ်းတယ်။ ကြိုက်သလိုပြစ်မှုရှာတာ။ ပြီးရင် ဒဏ်ကြေး တောင်းတယ်။ ၅၀၀၀ ကနေ စတောင်းတယ်။ မပေးနိုင်ဘူးဆိုရင် တစ်နေကုန်ခေါ်ထားတယ်။ လုံးဝမပေးနိုင်ဘူးဆိုရင် အချုပ်တင်လိုက်တယ်။ တရားရုံးပို့မယ်။ ပြီးရင် ကိုယ့်ကိုအာမခံ‌ပေးမယ့်သူက ဘတ် ၂၀၀၀ နဲ့ပြန်ရွေးရမယ်။ အဲ့လိုမလုပ်နိုင်ရင် ဟိုဘက်ကမ်းပြန်ပို့တယ် ” ဟု ဆိုသည်။

    အလားတူ မြန်မာရွေ့ပြောင်းလုပ်သားတို့ အများဆုံးရှိသည့်  စမွန်စခွန်၊ မဟာချိုင်၊ ရနောင်းစသည့် နေရာတို့တွင်လည်း စီမံချက်ဖြင့် ဖမ်းဆီးမှုလုပ်ဆောင်လျှက်ရှိသည်။

    ပြီးခဲ့သည့် ဇွန်လပထမအပတ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာအရေအတွက် အယောက် ၁၀၀ ကျော်ရှိနေပြီး လက်ရှိအချိန်အထိ ပြန်မလွတ်သေးကြောင်း အလုပ်သမားအရေး လှုပ်ရှားသူတို့၏ အချက်အလက်အရ သိရသည်။

    မြန်မာစစ်တပ်မှ အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ်မှစ၍  မဲဆောက်မြို့တွင် မြန်မာတော်လှန်ရေးသမားများနှင့် နိုင်ငံရေးခိုလှုံခွင့်ရရန်စောင့်စိုင်းနေကြသည့်သူတို့အပြင် CDM ဝန်ထမ်းနှင့် ရွေ့ပြောင်းလုပ်သားတို့ များစွာရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks