Thursday, March 12, 2026
More
    spot_img
    Homeသတင်းရေဖြူမြို့နယ် မွန်ရွာအတွင်း နွေရာသီမွန်စာပေသင်ကြားမှု ရပ်နားထားရ

    ရေဖြူမြို့နယ် မွန်ရွာအတွင်း နွေရာသီမွန်စာပေသင်ကြားမှု ရပ်နားထားရ

    -

    တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းရှိ မွန်ရွာတို့တွင် ဖွင့်လှစ်သင်ကြားနေသည့် နွေရာသီ မွန်စာပေသင်တန်း ဌာန ၄ ခုလုံးတို့ ရပ်နားထားရပြီး ပြန်လည်သင်ကြားရန် အခက်ခဲ‌ဖြစ်နေကြောင်း နွေရာသီမွန်စာပေသင်တန်း သင်ကြားပေးနေသူတို့ ပြောပြချက်အရ သိရသည်။

    ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီအဖွဲ့နှင့် တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တို့ ပြီးခဲ့သည့် ဧပြီ (၂၀)ရက်နေ့မှ စ၍ အဆိုပါဒေသတစ်ဝိုက်ရှိ မွန်ရွာများဖြစ်သည့် အလယ်စခန်း၊ရာဖူး၊ ကျောက်တလင်း၊ ကျောက္ကဒင်နှင့် ဆင်စွယ် စသည့် ကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ပြီး စစ်ဘေးရှောင်နေရကြောင်း သိရသည်။

    လက်ရှိတွင် တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ဘက်မှ တပ်ဆုတ်ထားသည့်အခြေအနေတွင် ရှိသော်လည်း နွေရာသီမွန်စာပေသင်တန်းဖွင့်လှစ်ထားသည့် ဆင်စွယ်ရွာအတွင်းရှိ ဘုန်းကြီး‌ကျောင်းတို့တွင် စစ်ကောင်စီအဖွဲ့တို့ အင်အားဖြည့်တင်းပြီး တပ်စွဲနေထိုင်‌နေဆဲဖြစ်သည်။

    စစ်ရှောင်ဒေသခံတို့ ရွာအတွင်း ပြန်လည်မနေထိုင်နိုင်သေးသည့်အပြင် စာသင်ကြားချိန် နည်းပါးနေပြီးဖြစ်သဖြင့် စမ်းသတ်ဖြေဆိုထားသည့် စားမေးပွဲတို့ကို အကဲဖြတ်စာမေးပွဲအဖြစ် အတည်ပြု၍ ရပ်နားထားရကြောင်း နွေရာသီမွန်စာပေသင်တန်း သင်ကြားပေးနေသည့် သင်္ဃာတော်တစ်ပါးက မိန့်ကြားသည်။

    "အစမ်းဖြေထားတဲ့ စာမေးပွဲကို အကဲဖြတ် စာမေးပွဲအဖြစ် အတည်ပြုလိုက်ရတယ် ။အဲလိုနဲ့ အဆုံးသတ်လိုက်ရတယ်။ နောက်အကြောင်းတစ်ခုကတော့ ကျောင်းသားတွေက မစုံကြတော့ဘူး၊ ဆရာတွေလည်းမရှိကြတော့ ကျောင်းကို ပိတ်လိုက်ရတယ်။ ဆက်သင်ဖို့ကလည်း အချိန်ကနည်းသွားပြီး၊ အခုက ကဆုန်လဆန်းရောက်နေပြီး ကဆုန်လဆုတ်ဆိုရင် စာမေးပွဲဖြေရတော့မယ်ဆိုတော့ အချိန်မလောက်ဘူး၊ မြို့နယ်အဆင့် စာမေးပွဲလုပ်တတ်တဲ့ ဆင်စွယ်ရွာမှာပဲအခြေအနေတွေမကောင်းနေတာ့ မြို့နယ်အဆင့် စာမေးပွဲဖြေဖို့ကလည်း အကုန်ရပ်လိုက်တယ်၊ ပျက်စီးသွားတယ်" ဟု မိန့်သည်။

    ယခင်နှစ်တွင်လည်း ရေဖြူမြို့နယ်တွင် နွေရာသီမွန်စာပေသင်တန်းကို ဆုံးခန်းတိုင်သည်အထိ မသင်ကြားနိုင်ဘဲ ဒေသတွင်းရှိ တိုက်ပွဲတို့ကြောင့် ရပ်နားခဲ့ရကြောင်းလည်း သိရသည်။

    ထို့ကြောင့် မွန်လူငယ်တို့၏ မွန်စာပေသင်ကြားခွင့် နစ်နာမှုရှိလာသည့်အပြင် တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားရာတွင်လည်း မွန်ဒေသအတွင်းနှင့်နည်းတူ ရေဖြူဒေသခံတို့ အကူအညီရရှိမှု နည်းနေကြောင်းလည်း ဆက်ပြောသည်။

    "တစ်နှစ်ပဲရပ်နားတာကနေ အခုနှစ်နှစ်ဖြစ်သွားပြီး၊ အားနည်းချက်က အကူအညီရရှိမှုက နည်းနေတယ်၊ မွန်ဒေသဘက်နဲ့ တွက်ရင်ပေါ့နော်။ သွားလာဖို့က ခက်ခဲနေတယ်၊ တနင်္သာရီနဲ့ မွန်ကြားမှာ စစ်ဆေးရေးဂိတ်တွေ များနေတော့၊ စားနပ်ရိက္ခာတွေ သယ်ဖို့နဲ့သွားလာဖို့က ခက်နေတယ်၊ အရင်ကတည်းကပါပဲ ဒီနယ်မြေတွေက သူခိုးဓာပြတွေလည်းပေါတယ်လေ" ဟု ဆိုသည်။

    စစ်အာဏာမသိမ်းမီကာလအတွင်း ရေဖြူမြို့နယ်လုံးဆိုင်ရာ နွေရာသီမွန်စာပေသင်တန်းကို ဌာန ၅ ခုထက်မနည်းတွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၀၀ ကျော်ဖြင့်ဖွင့်လှစ်သင်ကြားနိုင်ခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှစ၍ ကျောင်းသားကျောင်းသူ ၂၀၀ ကျော်ဝန်းကျင်သာ နွေရာသီ မွန်စာပေသင်တန်းကို တက်ရောက်နေကြောင်း သိရသည်။

    ရေဖြုမြို့နယ်အတွင်းရှိ တိုက်ပွဲကြောင့် မွန်ရွာတချို့တွင် နွေရာသီမွန်စာပေသင်တန်းများကို (၂)နှစ် ဆက်တိုက်ရပ်နားထားရသဖြင့် မွန်လူမျိုးတို့တည်ရှိသည့် ရွာတို့တွင် မွန်စာပေမသင်ကြားခွင့်မရှိတော့မည်ကို စာပေအရေးလှုပ်ရှားသူတို့က စိုးရိမ်နေကြသည်။

    မွန်ကျေးရွာပေါင်း ၃၀ ကျော်ရှိသည့် ရေဖြူမြို့နယ်တွင် နွေရာသီမွန်စာပေသင်တန်းကို ပေါက်ပင်ကွင်း၊ အလယ်စခန်း၊ ကျောက်ကဒင်၊ သာယာမွန်၊ကျွဲသုံးညီမ၊ သင်္ကန်းတောအပါဝင် ၁၀ ရွာထက်မနည်းတွင် နှစ်စဥ်ဖွင့်လှစ်သင်ကြားလျှက်ရှိပြီး ကျောင်းအရေအတွက်အပေါ်မူတည်ကာ ဌာနခွဲထားကြောင်း သိရသည်။

    တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မွန်ဒေသခံတို့နှင့်နည်းတူ လက်ရှိ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် ဖြစ်ပွားနေသည့်တိုက်ပွဲတို့ကြောင့် ကရင်ပြည်နယ်အတွင်းရှိ မွန်ဒေသခံတို့ နွေရာသီမွန်စာပေသင်တန်း ရပ်နားထားရပြီး စစ်းဘေးရှောင်နေရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks