တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်ရှိ ကညုံကျွန်းရွာတွင် စစ်ကောင်စီစစ်ကြောင်းတို့ ၁ လ နီးပါး စခန်းချကာ တပ်စွဲနေထိုင်နေဆဲဖြစ်ကြောင်း လောင်းလုံဒေသခံတို့ ပြောကြားချက်အရသိရသည်။
စစ်ကောင်စီတပ်တို့သည့် ရေကြောင်းမှတစ်ဆင့် ပြီးခဲ့သည့် ဇွန်လပထမအပတ်မှစ၍ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းရွာဘက်သို့ ဝင်ရောက်လာပြီး တပ်စွဲထားခြင်း ဖြစ်ပြီး ဒေသခံတို့ အနီးအနားရှိကျေးရွာနှင့် တောတောင်တို့တွင် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသည်။
အဆိုပါကျေးရွာအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီစစ်ကြောင်းတို့က ရည်ရွယ်ချက်ရှိရှိ စခန်းချတပ်စွဲထားကြောင်း ရွာခံအမျိုးသားတစ်ဦးက ဆိုသည်။

“ရွာထဲမှာက တစ်ရွာလုံး လူမရှိဘူးဆိုတော့ သူတို့ (စစ်တပ်) လိုချင်တာ အကုန်ယူတယ်ဗျ။ နီးရာ အိမ်တွေမှာ ဆိုင်ကယ်၊သုံးဘီး၊ထော်လာဂျီ အကုန်ယူပြီးဆွဲသုံးတယ်။ ပြီးရင် လမ်းဘေးမှာ ပစ်ချခဲ့တယ်”ဟု ၎င်းက ပြောသည်။
အင်အား ၆၀ ဝန်းကျင်ခန့်ရှိသည့် အဆိုပါစစ်ကောင်စီစစ်ကြောင်းတို့သည် ကညုံကျွန်းရွာအတွင်းသာ ကင်းလှည့်စောင့်ကြည့်နေပြီး အခြားကျေးရွာဘက်သို့ စစ်ကြောင်းဆက်ထိုးဆက်သွားခြင်းမရှိဟု ဆိုသည်။
၎င်းအပြင် နှစ်ဖက်တိုက်ပွဲငြိမ်သက်နေသည့် လောင်းလုံးမြို့ပေါ်တွင်လည်း ယမန်နေ့နေ့လည် ၁ နာရီဝန်းကျင်အချိန်ခန့်က စစ်ကောင်စီနှင့်တော်လှန်ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီး ထားဝယ်မြို့ရှိ စစ်ကောင်စီတပ်မှ လောင်းလုံမြို့အတွင်းသို့ လက်နက်ကြီး၊လက်နက်ငယ်ဖြင့် ပစ်ခတ်နေကြောင်း သိရသည်။
“ခုတောင် လောင်းလုံးမြို့ပေါ် ပွဲဖြစ်နေကြတယ်။ လက်နက်ကြီး လက်နက်ငယ်သံတွေလည်း ကြားနေရ တယ်။ အရင်ကတော့ ခနခနဖြစ်နေတာပဲ။ ဒါမဲ့ ဒီတောတွင်းမှာတော့ ဒီနေ့မှ စဖြစ်တယ်” ဟု တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ရဲခစန်း၊ထွေအုပ်ရုံးနှင့် လဝကရုံးတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့ကို တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ရာမှ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်တို့သည့် လောင်းလုံးမြို့နယ်အပြင် ရေဖြူမြို့နယ်ရှိ ကျေးရွာအတွင်းသို့ အင်အား ၁၅၀ နီးပါးဖြင့် စစ်ကြောင်းထိုးနေခြင်းကြောင့် စစ်ရှောင်ဒေသခံ ၃၀၀၀ ကျော် နေရပ်မပြန်ရန်အခက်အခဲရှိနေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။
တနင်္သာရီတိုင်းတွင် မေလ တစ်လတာအတွင်း စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်မှု၊ လေကြောင်းတိုက်ခိုက်ခံရမှုနှင့် ထားဝယ်ရေနက်ဆိပ်ကမ်းသို့ စစ်ကြောင်းထိုးစဉ် အရပ်သားများဖမ်းဆီးခံနေရမှုကြောင့် စစ်ဘေးရှောင် ၈၀၈၀၀ ကျော်တိုးလာနေသည်ဟု FE 5 Thanintharyi ၏ အစီရင်ခံစာအရ သိရသည်။