Tuesday, March 17, 2026
More
    spot_img
    Homeသတင်းရှမ်းပြည်နယ်အတွင်းက လက်နက်ကိုင်များအကြား နယ်မြေအငြင်းပွားမှုများရှိနေ

    ရှမ်းပြည်နယ်အတွင်းက လက်နက်ကိုင်များအကြား နယ်မြေအငြင်းပွားမှုများရှိနေ

    -

    ရှမ်းပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များဖြစ်သည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့ကြား နယ်မြေအငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိသည်။

    ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က ကျောက်မဲမြို့နယ်၊ ဟူးဆွန်ကျေးရွာရှိ TNLA အထိုင်ချစခန်းတွင် SSPP က ဝင်ရောက်တပ်စွဲရာမှ ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။

    အဆိုပါပစ်ခတ်မှုအတွင်း TNLA ရဲဘော် ၂ ဦး သေဆုံးကာ၊ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စခန်းကိုလည်း SSPP က ဆက်လက်တပ်စွဲထားသည်။

    TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “ကျွန်မတို့အနေနဲ့ တပ်အပြောင်းအလဲလုပ်တဲ့အချိန်မှာ ကျွန်မတို့ အချင်းချင်း အချိတ်အဆက်လွတ်သွားတယ်။ အဲ့တာကို SSPP အနေနဲ့က အခွင့်ကောင်းယူပြီး အဲဒီစခန်းမှာ ဝင်ထိုင်လိုက်ပါတယ်။ တကယ်က ဒီကျောက်မဲမြို့အဝင်အထွက်မှာဆိုရင်လည်း SSPP ရဲ့ ဂိတ်စခန်းရှိပါတယ်။ အခုဖြစ်တဲ့ ကင်းစောင့်ဖို့ထားတဲ့ ဂိတ်စခန်းဟာဆိုရင်လည်း သူတို့နဲ့နီးပါတယ်။ သူတို့ဘက်က ကျွန်မတို့ရဲ့ ဒီစခန်းလူလဲပြီးပြန်လာတဲ့ရဲဘော်တွေကို ပစ်ခတ်ခဲ့တဲ့အတွက် ၂ ဦးသေဆုံးပြီး၊ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ဆိုသည်။

    အဆိုပါ စခန်းသည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ စခန်းဖြစ်ပြီး ၂၀၂၁ ခုနှစ်က TNLA နှင့် SSPP တို့ ပူးပေါင်းသိမ်းပိုက်ခဲ့သည့် နေရာဖြစ်သည်။ နယ်မြေ အငြင်းပွားမှုပြဿနာကို အမြန်ဆုံး ဖြေရှင်းနိုင်ရန် ကြိုးစားနေကြောင်း TNLA ဘက်က ပြောသည်။

    “SSPP သည် ကျွန်မတို့ RCSS ကိုတိုက်စဥ်အခါက အတူတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တဲ့ မဟာမိတ်တွေဖြစ်ပါတယ်။ မဟာမိတ်ပြဿနာဖြစ်တဲ့အတွက် ဖြေရှင်းဖို့ကို ကျွန်မတို့ သက်ဆိုင်ရာကို စာပေးပို့ထားပါတယ်။ အကြောင်းပြန်တာမျိုး မရှိပေမယ့် ကျွန်မတို့ဘက်ကတော့ လက်နက်နဲ့တုံ့ပြန်တာမျိုးမလုပ်ဖို့ အောက်ခြေတပ်သားတွေကို မှာကြားထားပါတယ်။ ဒါပေမယ့် ဒီစခန်းဟာ ကျွန်မတို့ရဲ့စခန်းဖြစ်တဲ့အတွက် မူလအတိုင်းပြန်ရဖို့ကြိုးစားသွားမှာပါ” ဟု မလွေးယေဦးက ဆက်ပြောသည်။

    တဘက်တွင်လည်း SSPP တပ်ဖွဲ့များ သီပေါမြို့နယ်၊ နမ့်မကျေးရွာမှ ဆုတ်ခွာရန် ပြောဆိုပြီးနောက် MNDAA နှင့် SSPP တို့ကြား တင်းမာမှုရှိခဲ့ရာမှ ဇွန်လ ၁ ရက်နေ့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့​ပြီး MMDAA ဘက်က တပ်သား ၈ ဦး သေဆုံးခဲ့ကြောင်း SSPP က ထုတ်ပြန်သည်။

    MNDAA နှင့် SSPP တို့က ဇွန်လ ၁၇ ရက်နေ့တွင် အောင်မြင်စွာ တွေ့ဆုံဆွေးနွေးပြီးဆုံးခဲ့ကြောင်း MNDAA က ဇွန်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

    အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်ပြီး MNDAA နှင့် SSPP တာဝန်ရှိသူများကို လွတ်လပ်သော မွန်သတင်းအေးဂျင်စီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

    ​ထိုကဲ့သို့သော နယ်မြေအငြင်းပွားမှု ဖြစ်စဉ်များကြောင့် လက်နက်ကိုင်အဖွဲ့အချင်းချင်းကြား ပစ်ခတ်မှုများ၊ ချောင်းမြောင်းလုပ်ကြံမှုများ၊ ထိုးကြိတ်မှုများရှိနေပြီး အရပ်သားပြည်သူများက တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်။

    လက်နက်ကိုင်အဖွဲ့အချင်းချင်းကြား နယ်မြေအငြင်းပွားမှုပြဿနာများကို ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးမှုညှိနှိုင်းရေးကော်မတီ (FPNCC) က ကြားဝင်စေ့စပ်မှုများ လုပ်ဆောင်ပေးလျက်ရှိသည်။

    တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အငြင်းပွားနေသည့် ကျောက်မဲ၊ သီပေါအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နယ်မြေများသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သိမ်းယူရရှိထားကြသည့် နယ်မြေများ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks