တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ပယကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။
ကံပေါက်တိုက်နယ်၊ ပယကျေးရွာဘက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တို့က ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်ခဲ့ပြီးနောက် ဒေသတွင်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲဖြစ်ပြီးနောက်နေ့ ဇွန်လ ၁၆ ရက်နေ့ နေလယ်ပိုင်းခန့်တွင် မောရဝတီရေတပ်မှ ပယကျေးရွာ၊ ဇာဒီကျေးရွာနှင့် အနီးတစ်ဝိုက်နေရာများကို လက်နက်ကြီးများဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သည့် ကံပေါက်ဒေသခံတစ်ဦးက ပြောသည်။

“တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ၆ ယောက် ကျသွားတယ်လို့ ကြားမိတယ်။ အခုထိ ကံပေါက်တိုက်နယ်မှာတော့ လက်နက်ကြီးသံတွေ တညံညံပဲ ဖြစ်နေတယ်။ မောရဝတီရေတပ်ကနေ တိုက်ပွဲဖြစ်ခဲ့တဲ့ ပယရွာနဲ့ ဇာဒီရွာဘက်ကို လက်နက်ကြီး အလုံး ၁၀ လုံးကျော် ပစ်ခတ်ခဲ့တယ်။ အနီးအနားရွာတွေဘက်ကိုလည်း စစ်ကြောင်းတွေ ဝင်ရောက်နေတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
ကံပေါက်တိုက်နယ်အတွင်း တိုက်ပွဲအခြေအနေများကို သိရှိစေရန် ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို လွတ်လပ်သော မွန်သတင်းအေဂျင်စီက ဆက်သွယ်မေးမြန်းခဲ့ရာ သတင်းထုတ်ပြန်ပေးသွားမည်ဟု ဖြေဆိုခဲ့သည်။
လက်ရှိတွင် နှစ်ဖက် စစ်ရေးတင်းမာနေသည့်အတွက် ဒေသတွင်း အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်သည့်အခြေအနေကြောင့် ဒေသခံပြည်သူများ၊ နေရပ်ပြန်လာကြသူများအနေဖြင့် အသွားအလာ သတိပြုကြရန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်တွန်းနှိုးဆော်ထားသည်။
စစ်ကောင်စီက ရေဖြူမြို့နယ်ရှိ ထားဝယ်ရေနက်ဆိပ်ကမ်းအနီးတစ်ဝိုက်ကို တပ်အင်အားဖြည့်တင်းရန် နေ့စဉ်နီးပါး စစ်ကြောင်းထိုးဝင်ရောက်လာနေကြောင်း ထိုဝင်ရောက်လာနေသည့် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တို့က ဟန့်တားတိုက်ခိုက်ချေးမှုန်လျက်ရှိသည်။