Thursday, March 12, 2026
More
    spot_img
    Homeသတင်းငွေကြေးကိစ္စပြောဆိုဆွေးနွေးရန် ဘုရားသုံးဆူမြို့ခံ မွန်လုပ်ငန်းရှင်တစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်

    ငွေကြေးကိစ္စပြောဆိုဆွေးနွေးရန် ဘုရားသုံးဆူမြို့ခံ မွန်လုပ်ငန်းရှင်တစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်

    -

    ထိုင်း- မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ခံ မွန်လုပ်ငန်းရှင်တစ်ဦးကို ငွေကြေးကိစ္စပြောဆိုဆွေးနွေးရန် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ခေါ်ဆောင်သွားပြီး ယမန်နေ့က ပြန်လည်လွတ်မြောက်လာပြီးဖြစ်သည်ဟု သိရသည်။

    ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့ နေ့လည် ၁၂နာရီခွဲအချိန်ခန့်တွင် ဘုရားသုံးဆူမြိုအတွင်း အခြေချသည့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ အသက် ၆၃ နှစ်အရွယ် မွန်လုပ်ငန်းရှင်တစ်ဦးကို  ၎င်းခြံသွားရာလမ်း ထားဝယ်စုရပ်တွင် ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ငွေကြေးကိစ္စ ပြောဆိုဆွေးနွေးရန် တစ်ညတာ ထိန်းသိမ်းခံခဲ့ရသည်ဟု မြို့ခံတို့က ပြောသည်။

    ထို့နောက် လမ်းခရီးတစ်ဝက်တွင် ပြန်လည်ပို့ဆောင်ထားပြီး ဇွန်လ ၅ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း ဘုရားသုံးဆူမြို့ပေါ် လက်နက်ကိုင်အဖွဲ့တို့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

    “သူတို့ကိုကူညီထောက်ပံ့ဖို့အတွက်လောက်ပဲ လက်နက်တို့၊ ကျည်ဆံ တို့ကို ပေါ့နော်၊အဲ့ဒေသက မွန်တော်လှန် ရေးအဖွဲ့လို့ကြားတယ်၊  ပြန်လွှတ်ပေးဖို့ကို ပိုက်ဆံနည်းနည်းပါးပါးပေးရတာလည်း ရှိမယ်ထင်တယ်၊ ခေါ် သွားတုန်းကလည်း အေးအေး ဆေးဆေးပဲခေါ်သွားတယ် ”ဟု ၎င်းကပြောသည်။

    အဆိုပါလုပ်ငန်းရှင်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် လက်နက်ကိုင်အဖွဲ့သည် မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA) မှ ဖြစ်သည်ဟု မြို့ခံတို့ကြား ပြောဆိုနေသဖြင့်  MLA တာဝန်ရှိသူထံ IMNA မှဆက်သွယ်မေးမြန်းသော်လည်း တစ်စုံတစ်ရာ ပြန်လည်ဖြေကြားပေးခြင်းမရှိသေးပေ။

    လက်နက်ကိုင်အဖွဲ့ပေါင်းစုံရှိနေသည့် ဘုရားသုံးဆူမြို့ပေါ်တွင် ခိုးဆိုးလုယက်မှု၊ သတ်ဖြတ်ခံရမှုတို့ မကြာခဏဖြစ်ပွာနေသည့်အပြင် လူပျောက်ဆုံးမှုနှင့် အမည်မသိလက်နက်ကိုင်အဖွဲ့တို့ထံ ဆက်ကြေးတောင်းခံရခြင်း ခြိမ်းခြောက်ခံရခြင်းတို့ကို မြို့ခံလုပ်ငန်းရှင်တို့ မကြာခဏ ရင်ဆိုင်နေရသည်။

    ဘုရားသုံးဆူဒေသတွင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA၊ ကရင်အမျိုးသားအစည်းအရုံး၊ KNU၊မွန်ပြည်သစ်ပါတီ NMSP၊ ကရင်ငြိမ်းချမ်းရေးအဖွဲ့(PC)၊ နယ်ခြားစောင့်တပ် BGF အဖွဲ့တို့ အခြေ စိုက်လှုပ်ရှားကြပြီး၊ စစ်ကောင်စီတပ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF၊ မွန်ပြည်လွတ်မြောက်ရေး တပ်တော် MLA တို့သည်လည်းလှုပ်ရှားလျက်ရှိကြောင်းသိရသည်။

    လက်ရှိ ဘုရားသုံးဆူမြို့ပေါ်တွင် စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာပြဿနာများကြောင့် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်အထောက်အထားရှိသူတို့ စံခရပူရီ ဒေသဘက်သို့ ပြောင်းရွှေ့နေထိုင်သူများနေကြောင်းလည်း ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks