spot_img
Sunday, August 3, 2025
More
    spot_img
    Homeသတင်းအားကောင်းလာသည့် ကရင်စစ်မျက်နှာ

    အားကောင်းလာသည့် ကရင်စစ်မျက်နှာ

    -

    စစ်တပ်အာဏာသိမ်းပြီး လေးနှစ်ကျော်ကြာလာသည့် ၂၀၂၅ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာများအတွင်း စခန်းသိမ်းတိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။

    ၂၀၂၅ ခုနှစ်အတွင်း၌ ထိုင်း-မြန်မာနယ်စပ် KNU ဌာနချုပ်ရှိသည့် တပ်မဟာ (၇) အနီး နေရာယူတပ်စွဲထားသည့် စစ်ကောင်စီတပ် ခလယ့်ဒေးတပ်စခန်း၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး တပ်စခန်း၊ ပိုင်ကျုံမြို့နယ်၊ ကာတဲကျေးရွာအနီးရှိ တညာကျိုး (ခေါ်) တာလယ် ဗျုဟာစခန်း၊ မောကဝီးလေး စစ်တပ်စခန်း အပါအဝင် တပ်စခန်း ၈ ခုထက်မနည်းကို KNU နှင့် ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုင်းထားပြီ ထိုင်း-မြန်မာနယ်စပ်တလျှောက်က ကျန်တပ်စခန်းများကိုလည်း ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေသည်။

    တပ်မဟာ ၇ နယ်မြေအတွင်းက တပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်ရန် လက်ရှိတွင် ဒေါနတောင်ကြောအနောက်ဘက်ရှိ ဘားအံ၊ ပိုင်ကျုံ၊ လှိုင်းဘွဲ့မြို့များသာ ကျန်တော့မည်ဟု အကြမ်းဖျင်းသတ်မှတ်နိုင်ပြီး KNU ၏ ထိုးစစ်သည် ဘားအံသို့ ဦးတည်လာနိုင်သည့်အလားလာဖြစ်နေသည်။

    ယင်းအခြေအနေတွင် စစ်ကောင်စီက ဘားအံမြို့၏ လုံခြုံရေးအတွက် သံလွင်မြစ်အနောက်ကမ်း ကော့ဂွန်းရွာနှင့် နှစ်ခြားရွာတို့တွင် ဧပြီလ ၁၉ ရက်ကစပြီး တပ်ဖွဲများ လာရောက်တပ်စွဲထားပြီး ခုခံစစ်အတွက် ပြင်ဆင်နေသည်။

    တပ်မဟာ ၇ သတင်းရင်းမြစ်တစ်ဦးက “စစ်တပ်က ထိုးစစ်တွေစလာမှာကို ကြိုသိတယ်။ အဲ့တာကြောင့်လည်း တပ်မဟာ ၇ ကို အသေခံဒရုန်းနဲ့ တိုက်ပြီး သတိပေးတာတွေလုပ်ခဲ့တာ။ အဲ့တာတွေတိုက်ပြီးတော့ နှစ်ဘက်လူကြီးတွေ တွေ့ဆုံတာရှိတယ်။ တိုက်ပွဲတွေ မဖော်လာဖို့ ညှိကြတယ်။ အဲဒီအတွက် စစ်တပ်ဘက်ကလည်း ခံစစ်ကို ခိုင်ခိုင်မာမာပြင်ခဲ့တာပဲ” ဟု ပြောသည်။

    KNU ၏ စခန်းသိမ်းတိုက်ပွဲသည် တပ်မဟာ ၇ မှာသာမက မြဝတီ၊ ကော့ကရိတ် အာရှလမ်းပိုင်းနှင့် ဘုရားသုံးဆူကြားရှိ KNU တပ်မဟာ ၆ နယ်မြေအတွင်း ကျိုက်ဒုံ၊ သင်္ဃန်းညီနောင်ဗျူဟာများအပါအဝင် စခန်းများ၊ စစ်တပ်အခြေစိုက်တပ်ရင်း ၆ ခုထက်မနည်းကိုလည်း KNU နှင့် ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်ရရှိထားသည်။

    အာရှလမ်းမကြီးကို ပြန်လည်စိုးမိုးပြီး မြဝတီမြို့ကို အပြည့်အဝ ပြန်လည်အုပ်ချုပ်နိုင်ရေး စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ ဧပြီလခန့်က တပ်မ ၅၅ မှ အင်အားထောင်ချီဖြင့် နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေးကို စတင်ဖော်ဆောင်ခဲ့သည်။

    စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေးသည် မအောင်မြင်ပဲ တစ်နှစ်အတွင်း စစ်အင်အား ၅၀၀ ခန့် ပြုန်းတီးသွားကြောင်း မြေပြင်စစ်သတင်းအရင်းအမြစ်တို့က ဆိုသည်။

    လက်တလောတွင် ကရင်စစ်မျက်နှာရှိ ဝေါ်လေဗျူဟာ၊ အနန်ကွင်းဗျူဟာ၊ ဖာပွန်ဗျူဟာ၊ ဘုရားသုံးဆူ စသည့် စခန်းများလည်း စစ်ရေးအရ ခြမ်းခြောက်မှုများရှိလာနိုင်ကြောင်း စစ်ရေးသုတေသီများက သုံးသပ်သည်။

    စစ်တပ်အာဏာသိမ်း လေးနှစ်တာကာလအတွင်း KNU ၏ စစ်ရေးလှုပ်ရှားမှုအပေါ် အားမရသည့်အတွက် ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။

    “KNU ကို အဲဒီလိုပြောလို့တော့မရဘူး။ ဘာကြောင့်လည်းဆိုရင် နွေဦးတော်လှန်ရေးမှာ သူက အများကြီးပါဝင်ခဲ့တာ။ စစ်သင်တန်းအစောဆုံးပေးတဲ့အထဲလည်း ပါခဲ့တယ်။ သူတို့ကနေ မွေးထုတ်လိုက်တဲ့ တပ်တွေအများကြီးပဲ။ ပြောကြတာပေါ့ KNU ဘာလုပ်နေလဲဆိုတာမျိုးတွေ။ သူလုပ်စရာရှိတာတွေကို လုပ်နေတယ်ဆိုတာ အခုထိုးစစ်တွေကို တွေ့ရတဲ့အတိုင်းပဲလေ” ဟု စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ထောက်ပြသည်။

    လက်ရှိ KNU က ဖော်ဆောင်နေသည့် ထိုးစစ်ကို ပြန်ကြည့်လျှင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းကတည်းက ငြိမ်သက်နေသော KNU တပ်မဟာ ၇ သည် ၂၀၂၄ နှစ်ကုန်ပိုင်းမှစကာ စစ်ရေးလှုပ်ခတ်မှု ရှိလာသည်။

    လှိုင်းဘွဲ့မြို့နယ်ရှိ KNU ဌာနချုပ်ဟောင်း မာနယ်ပလောကို တပ်မဟာ ၅ ဖာပွန်ခရိုင်တပ်များနှင့်အတူ ပူးပေါင်းသိမ်းယူခဲ့ပြီး တိုက်ပွဲများ စတင်လာခဲ့သည်။

    ဖာပွန်ခရိုင် တပ်မဟာ ၅ နှင့် ဒူးပလာယာခရိုင် တပ်မဟာ ၆ အတွင်း တိုက်ပွဲ အများဆုံးရှိခဲ့ပြီး တပ်မဟာ ၁၊ ၂၊ ၃၊ ၄ နယ်မြေများတွင်လည်း တိုက်ပွဲအချို့ ရှိခဲ့သည်။

    စခန်းအများစုကို လက်လွှတ်လိုက်ရသည့် စစ်ကောင်စီက မြေပြင်တွင် စစ်ရေးလှုပ်ရှားရန် ခဲယဉ်းသွားသော်လည်း စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် ကရင်ခွဲထွက်အဖွဲ့အစည်းများဖြစ်သည့် BGF, DKBA စသည်တို့က ကျန်ရှိနေသေးသည်။

    အထူးသဖြင့် ကရင်နယ်ခြားစောင့်တပ် (BGF)က မြဝတီမြို့ကို စစ်ကောင်စီလက်ထဲ ပြန်ရောက်နိုင်စေရန် ကူညီပေးခဲ့သည့် သာဓကများ ရှိခဲ့သည့်အတွက် စစ်ကောင်စီ၏ ခြေလှမ်းများကို စောင့်ကြည့်ရန်လိုအပ်နေကြောင်း သုံးသပ်သူများက ဆိုသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts