Tuesday, March 17, 2026
More
    spot_img
    Homeသတင်းဂျိုင်းမြစ်ဒေသတစ်လျှောက်ရှိကျေးရွာမှ ကျောင်းသား/သူများ ကျောင်းအပ်နှံမှုများ

    ဂျိုင်းမြစ်ဒေသတစ်လျှောက်ရှိကျေးရွာမှ ကျောင်းသား/သူများ ကျောင်းအပ်နှံမှုများ

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းရွာအပါအဝင် ဂျိုင်းမြစ်ဝှမ်းတစ်လျှောက်ရှိ စာသင်ကျောင်းတို့တွင် လက်ရှိ ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း ကျောင်းအပ်နှံသူများနေကြောင်း ပညာရေးဌာနနှင့် နီးစပ်သူတို့ ပြောပြချက်အရ သိရသည်။

    နယ်မြေမတည်ငြိမ်မှုများကြောင့် ယမန်နှစ်တွင် အဆိုပါဒေသမှ အထက်တန်းနှင့် အလယ်တန်းကျောင်းသားများ မြို့ပေါ်သို့ကျောင်းပြောင်းခဲ့ရသည့်အပြင်၊ ကုန်ကျစရိတ် မတတ်နိုင်သည့် ကျောင်းသားတို့ မိသားစုနှင့်အတူ ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်နေရကြောင်း သိရသည်။

    ယခုစာသင်နှစ်တွင် မော်လမြိုင်မြို့ပေါ်သို့ ကျောင်းပြောင်းရွှေ့ခဲ့ရသူတို့ ကျေးရွာအတွင်းရှိကျောင်းတို့တွင် ပြန်လည်အပ်နှံနေပြီး ကျောင်းရပ်နားထားရသည့် ကျောင်းသားတို့ကိုလည်း မိဘအုပ်ထိန်းသူတို့မှ ကျောင်းပြန်ထားနေကြောင်း စစ်ကောင်စီ ပညာရေးဌာနနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

    “ ဘယ်လောက်များလဲဆိုတာတော့ မသိရသေးဘူးပေါ့နော်၊ အခုမှကျောင်းစအပ်မှာဆိုတော့ မော်လမြိုင် ကျောင်းပြောင်းနေကြတဲ့သူတွေရော ပြန်လာပြီး ရွာမှာကျောင်းပြန်နေကြတယ်။ ဟိုမှာကကိုယ်ပိုင်ကျောင်းဖြစ်တော့ ကုန်ကျစရိတ်လည်း များနေတယ်၊အဆောင်မှာနေရတယ်ဆိုတော့ မနှစ်ကစစ်ရှောင်နေရတော့ သူတို့မိဘတွေကကလေးတွေကို ထိုင်းခေါ်သွားကြတယ်” ဟု ၎င်းကပြောသည်။

    ပြီးခဲ့သည့်ပညာသင်နှစ်တွင် ကော့ဘိန်းကျေးရွာတွင် စစ်တပ်မှအခြေချထားသောကြောင့် အစိုးရကျောင်းများ ပုံမှန်ဖွင့်လှစ်နိုင်သော်လည်း၊ ကော့ဘိန်းနှင့် ၁ မိုင်ခန့်ကွာဝေးသည့် မင်းရွာကျေးရွာတို့တွင် တော်လှန်ရေး အဖွဲ့တို့မှ ကျောင်းဖွင့်လှစ်ခွင့်မပြုသဖြင့် နှစ်ဝက်တစ်ဝက်တွင် ကျောင်းပိတ်ထားခဲ့ရသည်။

    သို့သော် ပညာရေးဌာနမှဆရာ/မများ၏တောင်းဆိုမှုကြောင့် မင်းရွာကျေးရွာတွင် ယခုစာသင်နှစ်တွင် ကျောင်းပြန်လည်ဖွင့်နိုင်သဖြင့်ကျောင်းသား/သူများအားလုံးကျောင်းပြန်လည်အပ်နှံနေကြပြီးဖြစ်သည်ဟု မင်းရွာဒေသခံတစ်ဦးကပြောသည်။

    “ ကလေးတွေ စာနဲ့ဝေးသွားတာမဖြစ်စေချင်ဘူး ပညာရေးကိစ္စတွေမှာ အဟန့်အတားမဖြစ်စေချင်ဘူး၊ သူတို့ကျောင်း မတက်ရင်လမ်းမှားသွားမှာစိုးတယ်၊ မြို့ပေါ်မှာကျောင်းသွားထားဖို့မတတ်နိုင်တဲ့ ကလေးတွေရှိတယ်။ ဆိုတော့ ဒီနှစ်ဆိုမင်းရွာကကလေးတွေအားလုံး ကျောင်းအပ်နေကြပြီး၊ သူတို့ကျောင်းတက်ဖို့ ခွင့်ပြုတယ် ”ဟု ၎င်းကပြောသည်။

    လက်ရှိတွင် ကော့ဘိန်းနယ်တစ်ဝိုက်တွင် တိုက်ပွဲကြောင့် မော်လမြိုင်မြို့ပေါ်နှင့် ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်ထွက်သွားခဲ့ကြသည့် ဒေသခံ ၈၀ ရာခိုင်နှုန်းခန့်ပြန်လည် ဝင်ရောက်နေထိုင်နေကြပြီး ဖြစ်သည်။

    စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနမှ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာ (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းများကို ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကို မေ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်ထား၍ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သူငယ်တန်း(KG)မှ ဒွါဒသမတန်း (Grade 12) အတန်းအထိ ဆောင်ရွက်လျှက်ရှိကြောင်း ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks