Tuesday, March 17, 2026
More
    spot_img
    Homeသတင်းစာရွက်စာတမ်းမပြည့်စုံသော်လည်း ကျောင်းဝင်ခွင့်လက်ခံ ဆောင်ရွက်ပေးနေ

    စာရွက်စာတမ်းမပြည့်စုံသော်လည်း ကျောင်းဝင်ခွင့်လက်ခံ ဆောင်ရွက်ပေးနေ

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှ ကျောင်းပြောင်း/ ကျောင်းအပ် ကျောင်းသား၊ ကျောင်းသူများ စာရွက်စာတမ်းအထောက်အထားများမပြည့်စုံသော်လည်း ကျောင်းဝင်ခွင့်လက်ခံပေးနေကြောင်း ကျောင်းသားမိဘတို့မှ သိရသည်။

    ကမ်းနီ၊ ကော့ကျိုက်၊ ကော့ခိုက်၊ ကော့ကာ၊ ကျိုက်ကဗင်နှင့် ကော့ဘိန်းကျေးရွာအပါအဝင် ကော့ကရိတ်မြို့နယ်အတွင်းရှိ မွန်ကျေးရွာများ စစ်ရေးအခြေအနေမတည်မငြိမ်မှုကြောင့် အုပ်ချုပ်မှုစနစ်များပျက်စီးနေသည့်အပြင်  ကျောင်းဆရာ/မတို့ စစ်ဘေးရှောင်နေရဆဲဖြစ်သည်။

    ထို့ကြောင့် ကျောင်းပြောင်း၊ ကျောင်းအပ်ရန် လိုအပ်သည့် စာရွက်စာတမ်းများရရှိရေး ကျောင်းသား/သူတို့ ခက်ခဲနေကြကြောင်း သိရသည်။

    “ဒီကော့ကရိတ်ဘက်က ကျွန်တော်တို့မွန်ရွာတွေမှာဆို တရားဝင် အုပ်ချုပ်မဲ့သူတွေ တကယ်မရှိဘူး။ အရင်က မွန်ပြည်သစ်ပါတီရဲ့ ရွာထိန်းသိမ်းရေးအဖွဲ့ပဲရှိခဲ့တယ်။ ကျောင်းသားတွေက အဲဒီကနေတစ်ဆင့် ထောက်ခံစာတွေယူကြတယ်။ ဒါပေမယ့် ခုမရှိကြတော့ဘူး။ စစ်ကောင်စီဘက်နဲ့ ညှိကြည့်လိုက်တော့ သူတို့ပြောတာက အုပ်ချုပ်ရေးမှူးတွေလဲ မရှိကြတော့ ကျောင်းထွက်လက်မှတ်လောက်ပဲ ယူပြီး ကျောင်းအပ်လိုက်တဲ့ သူတို့ခွင့်ပြုတယ်” ဟု ကော့ဘိန်းကျေးရွာမှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

    လက်ရှိ ကျောင်းအပ်နှံလိုသည့် ကျောင်းသားသစ်များအနေဖြင့် မွေးစာရင်း၊ မိဘနှစ်ပါးမှတ်ပုံတင်လက်မှတ်၊ အိမ်ထောင်စုစာရင်း မိတ္တူတို့ယူဆောင်ရမည်ဖြစ်ပြီး ကျောင်းပြောင်း ကျောင်းသားများအနေဖြင့် ကျောင်းထွက်လက်မှတ်နှင့် အခြားကိုယ်ရေးအချက်အလက် မှတ်တမ်းများ ယူဆောင်ရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။

    အဆိုပါဒေသမှ ကျောင်းသား၊ ကျောင်းသူများ ပြောင်းရွေ့အပ်နှံလိုသည့် မည်သည့်ကျောင်းတွင်မဆို အထောက်အထားများမပြည့်စုံသော်လည်း နားလည်မှုဖြင့် စစ်ကောင်စီ ပညာရေးဌာနမှ ကျောင်းဝင်ခွင့်လက်ခံနေကြောင်း သိရသည်။

    " ကျောင်းပြောင်းမဲ့ကိစ္စက ကျောင်းထွက်လက်မှတ်တို့ဘာတို့ မရှိသေးပေမဲ့လည်း ကိုယ်ပြောင်းမယ့်ကျောင်းမှာ အရင်အပ်လိုက်လို့ရတယ်တဲ့ နောက်မှကျောင်းထွက်လက်မှတ်ပါ ပေးလို့ရတယ်၊ သူတို့ဒီလိုပြောတယ် “ ဟု ကမ်းနီဒေသခံတစ်ဦးက ဆိုသည်။

     ကော့ကရိတ်တွင် စစ်ကောင်စီအဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ကြား ယနေ့အထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီမှ လေကြောင်းသုံးတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ လုပ်ဆောင်နေဆဲဖြစ်သည်။

    ယခုပညာသင်နှစ် အစောပိုင်းတွင် ကော့ကရိတ်မြို့နယ်အတွင်းရှိ အခြေခံပညာအများစု   ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိသေးသဖြင့် ကျောင်းသား/သူများ ကျောင်းပြောင်းရွေ့အပ်နှံနေကြောင်းလည်း သိရသည်။

    စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနမှ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာ (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းများကို ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး  ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကို မေ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်ထား၍ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သူငယ်တန်း(KG)မှ ဒွါဒသမတန်း (Grade 12) အတန်းအထိ ဆောင်ရွက်လျှက်ရှိကြောင်း ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks