Thursday, March 12, 2026
More
    spot_img
    Homeသတင်းမွန်ပါတီများ ရွေးကောက်ပွဲဝင်ရန် လုံခြုံရေး စိုးရိမ်မှုများရှိနေ

    မွန်ပါတီများ ရွေးကောက်ပွဲဝင်ရန် လုံခြုံရေး စိုးရိမ်မှုများရှိနေ

    -

    စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မွန်နိုင်ငံရေးပါတီများအနေဖြင့် လုံခြုံရေး စိန်ခေါ်မှုများ ရှိနေကြောင်း ပါတီခေါင်းဆောင်တို့ထံမှ သိရသည်။

    စစ်ကောင်စီအပြည့်အဝ ထိန်းချုပ်ထားသည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကဲ့သို့သော ဒေသများတွင် မဲဆွယ်စည်းရုံးရေး၊ ပါတီလုပ်ငန်းစဉ်များကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်သော်လည်း မွန်ပြည်နယ်၏ အခြေအနေသည် များစွာကွာခြားလှကြောင်း ဆိုသည်။

    လက်ရှိ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် နယ်စပ်ဒေသများတွင် တိုက်ပွဲများရှိနေသလို စစ်ကောင်စီကို အားပေးထောက်ခံသည်ဟုဆိုကာ ဒလန်ရှင်းလင်းမှုကို မကြာခဏ ကြုံတွေ့နေရသည်။

    “စိန်ခေါ်မှုတွေတော့ အများကြီးပေါ့ဗျာ။ လုံခြုံရေးကတော့ စိုးရိမ်မှုအများကြီးရှိတာပေါ့။ နံပါတ်တစ် တချက်ကတော့ ဒီရွေးကောက်ပွဲ တကယ်လို့ ဝင်ဖြစ်မယ်ဆိုလို့ရှိရင် ရွေးကောက်ပွဲ ဘယ်လိုဝင်မလဲ။ ပြီးရင် လုံခြုံရေးအရ ဘယ်လိုတာဝန်ယူကြမလဲဆိုတဲ့ဟာက တကယ့်ကြီးမားတဲ့ စိန်ခေါ်မှုတွေပေါ့” ဟု မွန်ညီညွတ်ရေးပါတီ MUP မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက ပြောသည်။

    MUP ကို စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က ပါတီမှတ်ပုံတင်ခွင့် ထုတ်ပေးခဲ့သည်။

    နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ တွေ့ဆုံပွဲများတွင်လည်း မဲဆွယ်စည်းရုံးရေး၊ လူထုဟောပြောပွဲ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ လုံခြုံရေးကိစ္စများနှင့်ပတ်သက်ပြီး မေးမြန်းဆွေးနွေးခဲ့ကြသော်လည်း ကော်မရှင်က တိကျသည့် လမ်းညွှန်ချက် မပေးဟု ဆိုသည်။

    လက်တလော စစ်ရေး၊ နိုင်ငံရေး အခြေအနေများအရ မွန်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်အနက် သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင်၊ ချောင်းဆုံ၊ ပေါင်၊ ကျိုက်မရောမြို့နယ် နေရာအချို့နှင့် ရေးမြို့ပေါ်ရပ်ကွက်၊ ကျေးရွာအချို့တို့တွင်သာ ရွေးကောက်ပွဲ ကျင်းပနိုင်ချေရှိကြောင်း ခန့်မှန်းထားကြသည်။

    စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်၏ ဥပဒေအရ နိုင်ငံရေးပါတီတစ်ခုသည် အနည်းဆုံး မဲဆန္ဒနယ် ၃ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မဝင်ပါက ပါတီမှတ်ပုံတင်ခွင့် ရုတ်သိမ်းနိုင်သည်။

    ကရင်ပြည်နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် မွန်တိုးတက်ရေးပါတီ ခေါင်းဆောင် နိုင်မျိုးတင့်လွင်ကလည်း “တချို့နယ်တွေမှာတော့ အခက်အခဲရှိတာပေါ့နော်။ မြို့ပေါ်မှာတော့ သိပ်အခက်အခဲမရှိလောက်ပါဘူး။ နယ်တွေမှာ နယ်စွန်နယ်ဖျားတွေ ဘာတွေကျတော့လည်း အများကြီးအခက်အခဲရှိတာပေါ့။ သွားလို့တောင်မရတဲ့အပိုင်းတွေ ရှိတယ်။ အဲဒီနေရာမှာ ရွေးကောက်ပွဲ ကျင်းပလို့လည်း မလွယ်တဲ့နေရာတွေ ရှိတယ်။ ကျနော်နဲ့လည်း အဲဒီသဘောပါပဲ။ မီးစင်ကြည့်က ရမှာပေါ့” ဟု လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    လုံခြုံရေးအခြေအနေများကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မဲဆန္ဒနယ်များကို မည်သို့ခွဲဝေမည်ကိုလည်း နိုင်ငံရေးပါတီများက မေးခွန်းထုတ်နေသည်။

    ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလအတွင်း ကျင်းပရန် စစ်ကောင်စီက ကြေညာထားပြီး ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ မထုတ်ပြန်နိုင်သေးသလို နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးရေးကာလကိုလည်း သတ်မှတ်ထားခြင်း မရှိသေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks